ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံခြားသား ခရီးသွား အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန် 
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသွား ၀င်ရောက်မှုသည် ယခင်နှစ်ထက် ၄၂ 
ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း 
ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ အဓိက ၀င်ရောက်ရာ 
ဝင်ပေါက်ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၂၀၁၃ ခုနှစ် 
ဇန်န၀ါရီလတွင် ခရီးသွားဦးရေ ၇၁၈၇၁ ဦး၊ ဖေဖော်ဝါရီလတွင် ၇၁၀၉၆ ဦး၊ 
မတ်လတွင် ၆၆၈၃၈ ဦး၊ ဧပြီ လတွင် ၄၃၃၃၁ ဦး၊ မေလတွင် ၄၆၀၆၇ ဦး၊ ဇွန်လတွင် 
၄၅၆၂၉ ဦး ၀င်ရောက်ခဲ့ကာ စုစုပေါင်း ခရီးသွားဦးရေ ၃၄၄၈၃၂ ဦးရှိသည်ဟု 
သိရှိရသည်။
''မနှစ်က ဒီလိုအချိန်အထိ ခြောက်လတာအတွင်း ရန်ကုန်လေဆိပ်ကနေ 
ဝင်ရောက်ခဲ့တဲ့ ခရီးသွားဦးရေက ၂၄၂၅၄၅ ဦး ရှိပါတယ်။ ဒီနှစ်က အရင်နှစ်ထက် 
၄၂ ရာခိုင်နှုန်း တိုးတက်မှု ရှိပါတယ်'' ဟု ဟို တယ်နှင့် 
ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အတိုးတက်ဆုံးသော 
အနေအထားကို ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်း၊ နှစ်လယ်ပိုင်း 
တို့တွင်လည်း ဆက်လက်ကောင်းမွန်ခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ် 
နှစ်ကုန်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကာ 
၂၀၀၈ ခုနှစ် တစ်နှစ်တာနှင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းအထိ ကျဆင်းလာခဲ့သည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံရေးတွင် အပြောင်းအလဲများ 
ပေါ်ပေါက်လာခြင်း၊ အပြုသဘောဆောင်သော အနေအထားများ ဖြစ်ပေါ်လာခြင်းနှင့်အတူ 
မီဒီယာများ၌ မြန်မာနိုင်ငံသတင်းများ ပေါ်လွင်လာမှုတို့က ကမ္ဘာလှည့် 
ခရီးသွားများ အာရုံစိုက်ဖွယ် ဖြစ်လာစေခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများ ပေါ်တွင် မူတည်၍ 
ခရီးသွားများ စိတ်ဝင်စားမှု ဆက်လက် မြင့်တက်လာခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း 
ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်း ကျော်လွန်ခဲ့သည်။ ခရီးသွားအ၀င် 
မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအ၀င် အဓိက ခရီးစဉ် ဒေသများ၌ 
ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်မှုကို ၂၀၁၁ ခုနှစ် နှစ် ကုန်ပိုင်းမှ 
လက်ရှိအချိန်အထိ ကြုံတွေ့လျက်ရှိသည်။ လာမည့်နှစ်ကုန်တွင် ခရီးသွား 
ဝင်ရောက်မှုသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း ၀န်းကျင်မှ ၄၀ 
ရာခိုင်နှုန်းဝန်းကျင် တိုးတက်မှု ရှိရန်လည်း ခရီးသွား လုပ်ငန်းဆိုင်ရာ 
ကျွမ်းကျင်သူ အချို့က သုံးသပ်ထားသည်။

No comments :
Post a Comment