Blogger Widgets

Monday, 1 July 2013

ယနေ့ (ဇူလိုင် ၁ ရက်) ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်ဖြင့် ပေးပို့ထားသည့် ဥပဒေကြမ်း ငါးခုကို ရှင်းလင်းခြင်း ပြုလုပ်မည်

6.30.10
ပြီးခဲ့သည့် မတ်လအတွင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှု မြင်ကွင်းအား တွေ့ရစဉ်
ဇူလိုင် ၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်ဖြင့် ပေးပို့ထားသည့် ဥပဒေကြမ်း ငါးခုကို ရှင်းလင်းခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ် လျာထားချက်တွင် ဖော်ပြထားမှုအရ သိရသည်။
ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းခြင်း ပြုလုပ်ရန် လျာထားသည့် ဥပဒေကြမ်းများမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်း၊ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်း၊ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့လာသော ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီအရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခြင်းလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း၊ အင်တာနက်တွင် ဖော်ပြပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top