မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာအား နိုင်ငံခြား
ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကိစ္စနှင့် ပတ်သက်၍
မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး
ကော်မတီ (ယာယီ) မှ ဇူလိုင် ၅ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ
စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တရားဝင် ကန့်ကွက်ခဲ့ကြောင်း
သိရသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ ဆရာဝန်အသင်း
အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) အဖွဲ့ဝင်
ဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်
ရှေ့နေများ၊ ဆရာဝန်များနှင့် စာနယ်ဇင်းမှ တာဝန်ရှိသူများ တက်ရောက်
ခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာအား
နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကိစ္စနှင့်
ပတ်သက်၍ ယင်းယာယီ ကော်မတီမှ မည်သည့် အချက်အလက်များကြောင့် ကန့်ကွက်သည်ကို
အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ယာယီကော်မတီ အဖွဲ့ဝင်
အချို့မှလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ
စီးပွားဖြစ် လုပ်ကိုင်မည့်အပေါ် သဘောမတူပါကြောင်း၊ ဆရာဝန်အသင်းကို
ဆရာဝန်များကသာ ပိုင်ဆိုင်လိုပါကြောင်း၊ ဆရာဝန်အသင်း လက်အောက်ရှိ ကျန်းမာရေး
စီမံချက်များသည် ကျန်းမာရေး ၀န်ကြီးဌာန အောက်တွင်သာ လုပ်ဆောင်သင့်ကြောင်း၊
အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ် ရွေးကောက်တင်မြှောက်
သင့်နေပြီဖြစ်ကြောင်း စသည့်အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေသုံးဦးကလည်း
ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ၀င်ရောက်ဆွေးနွေး ပြောကြားခဲ့ပြီး

ကော်မတီ (ယာယီ) အနေဖြင့် ယခုကဲ့သို့ ကန့်ကွက်နေသော်လည်း ယခုတာဝန်
ထမ်းဆောင်နေသည့် အလုပ်အမှုဆောင် အဖွဲ့မှ ဆက်လက် လုပ်ဆောင်ပါက အသင်း
ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ တရားရင်ဆိုင်ခွင့် ရှိပါကြောင်းကို
ထည့်သွင်း ပြောကြားခဲ့သည်။ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာတွင်
စီးပွားဖြစ် လုပ်ကိုင်ရန် ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ထံသို့
ရှန်ဂရီလာအုပ်စုနှင့် အေးရှားဝေါလ် ကုမ္ပဏီ အုပ်စုတို့က ဆွေးနွေးမှုများ
ပြုလုပ်လျက် ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

No comments :
Post a Comment