Blogger Widgets

Monday 8 July 2013

မြန်မာအစိုးရ ငြိမ်းချမ်းရေးကောင်စီပြန်ဖွဲ့

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကချင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်။ (မေလ ၂၈ ရက်၊ ၂၀၁၃)ငြိမ်းချမ်းရေးရရေး ကြိုးပမ်းနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အစိုးရက ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပေမဲ့၊ မူလအတိုင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် အခု ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဒီဗဟိုကော်မတီထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ မပါဝင်ကြတဲ့အပေါ်မှာ လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာခဲ့တဲ့ အရပ်သားအစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဖွဲ့စည်းထားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတွေကို ပြီးခဲ့တဲ့ သောကြာနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ အစိုးရက အသစ် ပြင်ဆင်ဖွဲ့စည်း လိုက်တာပါ။ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီမှာ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ အဖွဲ့ဝင်တွေထဲမှာ ဒုသမ္မတတွေဖြစ်ကြတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပါအ၀င် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် တို့ ဖြစ်ကြပါတယ်။

၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အခုလို ပြင်ဆင်ဖွဲ့စည်းရတာဟာ လုပ်ငန်း လိုအပ်ချက်အရ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ၀န်ကြီးဦးရဲထွဋ် က ဗွီအိုအေ ကို ပြောပါတယ်။

“ပြင်ဆင်ဖွဲ့စည်းတာတော့ ဟုတ်တယ်။ တချို့ဝန်ကြီးတွေက ရာထူး တာဝန် ပြောင်းလဲထမ်းဆောင်တာပဲ။ လူပြောင်းသွားတာပေါ့။ ဥပမာ ကာကွယ်ရေးဝန်ကြီး တို့၊ နယ်စပ်ရေးရာ ၀န်ကြီးတို့ ပြောသွားတော့ အသစ်ပြန် ဖွဲ့ပေးရတာပေါ့။ တချို့လူတွေလည်း ထပ်မံ ဖြည့်စွက်ပေးတာ ရှိပါတယ်။ အဓိက ကတော့ ရှိပြီးသားကော်မတီကို အခြေခံပြီးတော့မှ ပြင်ဆင်ဖွဲ့စည်းတာဖြစ် ပါတယ်။”

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ လက်အောက်မှာရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ကိုလည်း တပြိုင်တည်း ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။ ဒီအထဲမှာ နဂိုက ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းရဲ့ နေရာမှာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ခန့်အပ်ခဲ့ပြီး၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ရဲ့ နေရာမှာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ခန့်အပ်ခဲ့ပါတယ်။

ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နဲ့ ကော်မတီကို ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ ယခင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ နှစ်ဘက်တွေ့ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် အစိုးရ ကိုယ်စားလှယ်တွေဘက်က ရက်ရွှေ့ဆိုင်းခဲ့ကြောင်း နှစ်ဘက် တာဝန်ရှိသူတွေက ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောဆိုခဲ့ပါတယ်။

အခု အစိုးရကနေ အသစ် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဗဟိုကော်မတီထဲမှာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦး နဲ့ အဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မပါဝင်တဲ့အပေါ် ဝေဖန်သံတွေလည်း အမျိုးမျိုး ထွက်ပေါ်နေတာပါ။၏ ဒါနဲ့ပတ်သက်ပြီး ၀န်ကြီး ဦးရဲထွဋ် က -

“လုပ်ငန်းလိုအပ်ချက် အပေါ်မှာမူတည်ပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒါတော့ ကျနော် မှတ်ချက်ပေးစရာ မရှိပါဘူးခင်ဗျ။ သမ္မတကြီး မိန့်ခွန်းထဲမှာလည်း အမြဲတမ်း ပါ ပါတယ်။ ပထမအဆင့်က ကျနော်တို့က တနိုင်ငံလုံးမှာ အပစ်အခတ် ရပ်စဲနိုင်အောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲနိုင်ပြီဆိုလို့ရှိရင်တော့ ကျန်တဲ့ နိုင်ငံရေးကိစ္စ ဆွေးနွေးမှုတွေကို လွှတ်တော်က ဦးဆောင်ပြီးလုပ်မယ်လို့ သမ္မတကြီးလည်း အကြိမ်ကြိမ် ပြောထားပြီးဖြစ်ပါတယ်ခင်ဗျ။”

သမ္မတ ဦးသိန်းစိန် ကတော့ အမေရိကန်-အာဆီယံ စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ ဆိုနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာမှာ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်းနဲ့၊ ကျန်နေတဲ့ KIO အဖွဲ့နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်လည်း ကြိုးစားနေပြီး မကြာခင် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်းကို ပြောဆိုခဲ့ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top