Blogger Widgets

Monday 8 July 2013

ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ခြင်းကို အမြင့်ဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု သက်ရောက်ခြင်းကို အမြင့်မားဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
၂၁ ရာစု၏ ပထမဆုံး ဆယ်စုနှစ်ဖြစ်သော ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း ရာသီဥတုနှင့် မိုးလေ၀သ အခြေအနေသည် အစွန်းရောက် အနေအထားများကို တွေ့ကြုံခဲ့ရပြီး အပူချိန်၊ မိုးရွာခြင်း၊ ဆီးနှင်းကျခြင်းနှင့် အခြားသော ရာသီဥတု အစွန်းရောက်မှုများကို ဆန်းစစ်ချက်၌ ဥရောပနှင့် ရုရှားတွင် အပူလှိုင်းဖြတ်ခြင်း၊ အမေရိကန်တွင် ကတ်ထရီနာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခြင်း၊ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ၀င်ရောက်ခြင်း၊ အရှေ့အာဖရိက၊ သြစတြေးလျနှင့် အမေဇုန်မြစ်ဝှမ်းတွင် မိုးခေါင်ခြင်း၊ ပါကစ္စတန်တွင် ရေလွှမ်းမိုးခြင်း စသည်တို့ ပါဝင်နေသည်။
၁၈၅၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်သည့် စက်မှုထွန်းကားသည့် ခေတ်ကာလများအတွင်း ၂၀၀၁ ခုနှစ် ၂၀၁၀ ပြည့်နှစ်အထိ ဆယ်စုနှစ် ကာလသည် အစွန်းရောက် ရာသီဥတု၏ သက်ရောက်မှု မြင့်မားခဲ့သည့် ကာလဖြစ်ခဲ့ကာ အပူနွေးဆုံး ဆယ်စုနှစ်လည်း ဖြစ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
ယင်းဆယ်စုနှစ်သည် ပင်လယ်ပြင်နှင့် ကုန်းမြေအပူချိန် နှစ်ခုလုံး မြင့်တက်ခဲ့ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုမှာလည်း ၂၀ ရာစုကထက် အတိုင်းအတာ ပိုမိုလာခဲ့သည်။
ကမ္ဘာတစ်ဝှမ်း ရာသီဥတု ပူနွေးပြောင်းလဲမှုသည် ၁၉၇၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်စုနှစ် လေးခုတာအတွင်း အရှိန်မြင့်လာခဲ့ပြီး ၁၉၉၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်းနှင့် ၂၀၀၁ ခုနှစ်အတွင်းမှ ၂၀၁၀ ပြည့်နှစ်အတွင်းတွင် ဖြစ်ရိုးဖြစ်စဉ် အခြေအနေထက် ထူးခြားသော ရာသီဥတုကို ကြုံတွေ့ခဲ့ရသည်ဟု ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများကို ကြုံလာရရာ၌ သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်လာရပြီး ၁၉၀၀ ပြည့်နှစ် ၀န်းကျင်နှစ်များမှ ဆုံးရှုံးမှုနှင့် လူသေဆုံးမှုသည် ၂၀၀၀ ပြည့်နှစ်ကျော် နှစ်များထက် နည်းပါးခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်ကျော် နှစ်များသည် သဘာဝ ဘေးအန္တရာယ်၏ သက်ရောက်မှု၊ ပျက်စီးဆုံးရှုံးမှုများကို ပိုမိုမြင့်မားလာစေကာ ရာသီဥတု ပြောင်းလဲမှုထူးခြား ဖြစ်စဉ်များကို ပို၍ရင်ဆိုင်လာရသော ကာလလည်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှု အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ဒုတိယဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံတွင်လည်း ဒုတိယဖြစ်သည်ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
၁၉၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၁၀ အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်များကြောင့် သေဆုံးခဲ့သူဦးရေ စုစုပေါင်းသည် ၁၄၅၇၉၄ ဦးရှိပြီး ဆုံးရှုံးမှု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၆၆၈ ဒသမ ၃၄၃ သန်း ၀န်းကျင်ရှိခဲ့ကြောင်း The International Disaster Database တွင် ထုတ်ပြန်ထားချက်များအရ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top