ဇူလိုင် ၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
အင်တာနက်ပေါ်တွင် ဖော်ပြပါရှိသော ဒေါက်တာဆိတ်ဖွား၏ Above The Law
ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် စပ်လျဉ်း၍ ဒေါက်တာဆိတ်ဖွားဆိုသူ၏
ရေးသားချက်များအတွက် ဦးခင်မောင်ညို (ဘောဂဗေဒ) သာလျှင် အဓိက တာဝန်ရှိသူဟု
ယူဆရပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ကြောင်း ဒေါက်တာဆိတ်ဖွား၏
ရေးသားချက်ကို စုံစမ်းဖော်ထုတ်ရန်အတွက် ဖွဲ့စည်းခဲ့သော စုံစမ်းရေး
ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်းက ဇူလိုင် ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့
ပြောကြားခဲ့သည်။
ဒေါက်တာဆိတ်ဖွား၏ ရေးသားချက်ကို စုံစမ်းဖော်ထုတ်ရေးနှင့် ပတ်သက်ပြီး
လုပ်ဆောင်ခဲ့သည်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီး
စုံစမ်းရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်ကို ဖတ်ကြားရာတွင် ဦးမြညိမ်းက
ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
"ဦးခင်မောင်ညို (ဘောဂဗေဒ) သည် ယင်းဒေါက်တာဆိတ်ဖွား အမည်ခံ ပုဂ္ဂိုလ်ကို
ဖော်ထုတ်ရန် တာဝန်ရှိပါတယ်။ အယ်ဒီတာချုပ်တွင် တာဝန်ရှိသည်မှာ မှန်သော်လည်း
ကျင့်ဝတ်နှင့် ဥပဒေမှာ မတူပါ။ ဥပဒေတစ်ရပ် ချိုးဖောက်သူကို အကာအကွယ်ပေး၍
မရပါ။ မူရင်းစာရေးဆရာ ဒေါက်တာဆိတ်ဖွားကို မည်သူမည်ဝါဖြစ်ကြောင်း
မဖော်ထုတ်ပါက ဦးခင်မောင်ညို (ဘောဂဗေဒ) သာလျှင် ဒေါက်တာဆိတ်ဖွားဆိုသူ
ရေးသားချက်များအတွက် အဓိက တာဝန်ရှိသူဟု ယူဆပါကြောင်းနှင့် ဦးခင်မောင်ညို
(ဘောဂဗေဒ) ကိုယ်တိုင်က ရေးသားချက်များနှင့် ပတ်သက်၍ ၎င်းတွင်သာ
တာဝန်ရှိပါကြောင်း ၀န်ခံထားကြောင်း တင်ပြသည့်အတွက် ဦးခင်မောင်ညို
(ဘောဂဗေဒ) သည်တည် ဆဲဥပဒေများကို ချိုးဖောက်ပါ၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူ
ဆောင်ရွက်နိုင်ပါတယ်" ဟု စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်းက
ပြောကြားသည်။
ဒေါက်တာဆိတ်ဖွား၏ ရေးသားချက်တွင် ပါဝင်သော စွပ်စွဲမှုသည် အဖွဲ့အစည်း
တစ်ခု၏ သိက္ခာကို ကျဆင်းစေရန် မမှန်ကန်သော၊ မခိုင်လုံသော ရေးသားချက်
ဖြစ်သည့်အတွက် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူနိုင်သော ပြစ်မှုမြောက်သည်ဟု
တွေ့ရှိရကြောင်း စုံစမ်းရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်တွင်
ဖော်ပြခဲ့ပါသည်။
"ယင်းလုပ်ရပ်သည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉ အရ အသရေဖျက်မှု မြောက်သဖြင့်
ယင်းဥပဒေ ပုဒ်မ ၅၀၀ အရ တရားလည်း စွဲဆိုနိုင်ပါတယ်။ ထို့အပြင် ယင်းပြစ်မှုကို
အီလက်ထရွန်နစ် နည်းလမ်းကို အသုံးပြု ကျူးလွန်သဖြင့် အီလက်ထရွန်နစ်
ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) အရလည်း တရားစွဲဆိုနိုင်သော
ပြစ်မှုမြောက်ပါတယ်" ဟု ဦးမြညိမ်းက ပြောကြားပါသည်။
ထို့အပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အရလည်း
အရေးယူနိုင်မည်ဖြစ်ကာ မည်သို့မည်ပုံ အရေးယူရမည် ဆိုသည်ကို လွှတ်တော်က
ဆုံးဖြတ်ခွင့်ရှိကြောင်း စုံစမ်းရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်တွင်
ဖော်ပြခဲ့သည်။
သို့သော် လွှတ်တော်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည်
သဘောထားကြီးမားစွာ ရပ်တည်ကြောင်း ပေါ်လွင်ပြသစေရန်အတွက် သတိပေးခြင်း
နည်းလမ်းကိုသာ ကျင့်သုံးသင့်ကြောင်း စုံစမ်းရေး ကော်မရှင်က
အကြံပြုတင်ပြခဲ့ပြီး ထိုအကြံပြုချက်အတိုင်း ပြည်ထောင်စုလွှတ်တော် နာယက
ဦးခင်အောင်မြင့်က နောက်နောင်တွင် ထိုကဲ့သို့ မပြုလုပ်ရန် သတိပေးခဲ့ပါသည်။
သို့ရာတွင် လွှတ်တော်သည် အစိုးရ တစ်ရပ်ကဲ့သို့ ဖော်ထုတ်နိုင်ခြင်း
မရှိသည့်အတွက် ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ခြင်း မရှိစေကာမူ တစ်နေ့နေ့
တစ်ချိန်ချိန်တွင် ပေါ်ပေါက်တတ်မြဲ ဓမ္မတာကြောင့် ယင်း၏ကျူးလွန်မှုသည်
မပျောက်မပျက် တည်ရှိနေမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က
ဆိုသည်။

No comments :
Post a Comment