Blogger Widgets

Wednesday, 3 July 2013

ဥပဒေကြမ်းများ အတည်ပြုရာတွင် သဘောတူ၊ မတူ ဖြေကြားရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းများ အတည်ပြုရာတွင် သဘောတူ၊ မတူ ဖြေကြားရန် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သတိပေးပြောကြားသည်။
"ဥက္ကဋ္ဌက သဘောတူ၊ မတူ မေးတဲ့အခါမှာ ပြန်လည်ဖြေကြားဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အရိပ်အမြွက်အဖြစ် အကြိမ်ကြိမ် သတိပေးခဲ့တာတွေ ရှိပါတယ်။ ဒါကလည်း သိလို့သတိပေးနေတာပါ။ အုပ်စုလိုက်ဖွဲ့ပြီး မဖြေဘူးဆိုရင် ဥက္ကဋ္ဌက အဲဒီအုပ်စု တစ်ဖွဲ့လုံးကို ဒီအစီအစဉ်မှာ လွှတ်တော်ပြင်ပ ထွက်စေလို့ အမိန့်ချလို့ရပါတယ်။ ဒါကြောင့် မေးတဲ့အခါမှာ ဖြေဖို့လိုပါတယ်"ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက "ဥပဒေကြမ်းတွေ အတည်ပြုဖို့ အကျေအလည် ပြင်ပမှာ ၀န်ကြီးဌာနတွေနဲ့ ဥပဒေကြမ်း ကော်မတီနဲ့ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေ အပြန်အလှန် ဆွေးနွေးပြီးဖြစ်ပါတယ်။ ဒီလိုဆွေးနွေးပြီး ဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးစရာ မရှိအောင် လုပ်ထားပြီး ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးစ လွှတ်တော်တွေမှာလည်း ကြီးကြပ်ဖို့ ကော်မတီ ရှိပါတယ်။ အဲဒီကော်မတီကပဲ လွှတ်တော်ပြင်ပမှာ အကျေအလည် ဆွေးနွေးပါတယ်။ ဆွေးနွေးပြီး ကျေလည်ပြီးသားကိုပဲ လွှတ်တော်ထဲမှာပဲ ဆုံးဖြတ်ပြီးသားကို ဆုံးဖြတ်တာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထို့အပြင် တီဗွီမှတ်တမ်း ရှိသည့်အတွက် မည်သည့်လွှတ်တော် ကိုယ်စားလှယ် ဖြေသည်၊ မဖြေသည် ဆိုသည်ကို ကြည့်ရှုနိုင်ကြောင်း၊ ယင်းကဲ့သို့ မဖြစ်ပေါ်စေရန်အတွက် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း၊ နောက်နောင်တွင် သဘောတူ၊ မတူ ဖြေပါဆိုပါက အားလုံးဖြေကြားရန်လိုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက "ဥက္ကဋ္ဌက အရင်ကလည်း သတိပေးခဲ့တာတွေ ရှိပါတယ်။ သဘောတူ၊ မတူ ဆိုတာကတော့ ပြောသင့်တာပေါ့။ စာရင်းပေးထားလို့ လွှတ်တော်ထဲ ရောက်ရင်တော့ စိတ်ဝင်စားစွာနဲ့ ဆောင်ရွက်သင့်တာပေါ့" ဟု သုံးသပ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top