၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ကုန်ထိ ကုမ္ပဏီများမှ နိုင်ငံတော်သို့
ရွှေပေးသွင်းရန် ကျပ်သားပေါင်း ၃၅၉၆၇ ဒသမ ၈၈ ကျန်ရှိနေကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းဝင်းက ဇူလိုင် ၅ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်
အစည်းအဝေး၌ ပြောကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးဖေသောင်း၏ တရားမ၀င် ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးကန်
သောင်ထွန်းနေမှုနှင့် လယ်မြေများ ပျက်စီးနေမှုအပေါ် ကာကွယ်တားမြစ် ပေးနိုင်ရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးရာတွင်
ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွှေတူးဖော်မှုကို ကြည့်မည်ဆိုပါက ၁၉၉၀ ပြည့်နှစ်ခန့်က
စတင်၍ ရွှေဝယ်ယူရေး စခန်းများ၊ ဌာနခွဲများဖွင့်လှစ်ပြီး ချထားပေးသည့်
လုပ်ကွက်ပေါ် မူတည်ပြီး ရွှေပေးသွင်းသည့် စနစ်ဖြင့် လုပ်ကိုင်လာခဲ့သည်မှာ
နှစ် ၂၀ ကျော်ပြီဖြစ်ကြောင်း၊ ရွှေကွက်ချထားပေးမှုကိုလည်း လက်လုပ်လက်စား
လုပ်ကွက်ဆိုပါက ၀ ဒသမ ၅ ဧက၊ အသေးစားလုပ်ကွက် ဆိုပါက ၂၀ ဧက၊ အကြီးစား
လုပ်ကွက်ဆိုပါက ၂၀ ဧကအထက် အဆင့်ဆင့် နည်းစနစ်ပုံစံ အမျိုးမျိုးဖြင့်
ဖော်ထုတ်နေကြသည်ကို တွေ့ရှိရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းဝင်းက ပြောကြားသည်။
ရွှေလုပ်ကွက် ဖော်ထုတ်ထားမှု အခြေအနေမှာလည်း ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ၁၅၃၉
ကွက်၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၁၃၆၆ ကွက်ရှိသည်ဟု ၀န်ကြီးဌာန၏
စာရင်းဇယားများအရ သိရကြောင်း၊ သို့သော် ပကတိမြေပြင်တွင် လက်ရှိထက်
များစွာပိုနိုင်ပြီး ရွှေတူးဖေါ်ပြီးနောက် စွန့်ပစ်သွားသည့် ဧကပေါင်း
မည်မျှရှိသည်ကို ယနေ့ထိ မည်သူမျှ မသိရှိနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
နိုင်ငံတော် အနေဖြင့် ရွှေလက်ခံရရှိမှုကို ကြည့်မည်ဆိုပါကလည်း မရခဲ့သည်ကို
တွေ့ရှိရကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်ထိ ပေးသွင်းရန် ကျန်ရှိတဲ့
ကုမ္ပဏီပေါင်း ၁၅၉ ခုရှိပြီး စာရင်းမဖော်ပြသည့် ကုမ္ပဏီများစွာ ရှိနေကြောင်း၊
ရွှေပေးသွင်းရန် ကျန်ရှိမှု အခြေအနေသည် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်ထိ
တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခုမှာ ၁၀၃၁၃ ဒသမ ၄၀ ကျပ်သား ကျန်ရှိကြောင်း၊ ၂၀၁၃
ခုနှစ် မတ်လ ၃၁ ရက်ထိ ကျပ်သားပေါင်း ၃၅၆၆၇ ဒသမ ၈၈ ကျန်ရှိသည်ကို
လေ့လာတွေ့ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဝင်းက
ပြောကြားသည်။

No comments :
Post a Comment