Blogger Widgets

Sunday, 7 July 2013

အစိုးရ ၀န်ကြီးဌာနများ၏ သတင်းများကို တစ်ပြေးညီ မထုတ်ပြန်ဘဲ နိုင်ငံပိုင် သတင်းစာများက လက်ဦးမှု ရယူဖော်ပြခြင်းသည် ပုဂ္ဂလိက သတင်းစာများသာမက ပြည်သူများ၏ သတင်းသိရှိခွင့်ကို ထိခိုက်စေဟုဆို

ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့် ပြုထားသော်လည်း အစိုးရ ၀န်ကြီးဌာနများ၏ သတင်းများ၊ ကြေညာချက်များ၊ အမိန့်များနှင့် အမိန့်ကြော်ငြာစာများကို တစ်ပြေးညီ မထုတ်ပြန်ဘဲ နိုင်ငံပိုင် သတင်းစာများက လက်ဦးမှုရယူ ဖော်ပြနေကြောင်း သတင်းစာ ဆရာများက သုံးသပ်ပြောကြားသည်။
ထိုသို့ အစိုးရ၀န်ကြီး ဌာနများ၏ သတင်းများကို တစ်ပြေးညီ မထုတ်ပြန်ဘဲ နိုင်ငံပိုင် သတင်းစာများက လက်ဦးမှုရယူ ဖော်ပြနေခြင်းသည် ပုဂ္ဂလိက သတင်းစာများ၏ သတင်းရပိုင်ခွင့် အခွင့်အရေးကို  ထိခိုက်စေသည့်အပြင် ပြည်သူများ၏ သတင်းသိရှိခွင့်ကိုလည်း ထိခိုက်စေသည်ဟု သတင်းစာ ဆရာကြီးများက ပြောကြားသည်။
"နိုင်ငံတော် အကြီးအကဲရဲ့ လှုပ်ရှားမှုတွေ အစိုးရ ၀န်ကြီးဌာနက သတင်းတွေကို ကျွန်တော်တို့ အချိန်နဲ့ တစ်ပြေးညီ ထည့်ချင်ပေမယ့် ပိတ်ပင်ထားတာတွေ ရှိတယ်။ အစိုးရ၀န်ကြီးဌာန သတင်းတွေကို အချိန်မီ မထုတ်ပြန်ပေးဘဲ အစိုးရ သတင်းစာတွေမှာ ဖော်ပြပြီးမှသာ ထုတ်ပြန်မှုတွေ ရှိနေတာဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ ဒါဟာ ပြည်သူရဲ့ လျင်မြန်စွာ သတင်းသိရှိခွင့်ကိုပါ ထိခိုက်စေပါတယ်" ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးခင်မောင်လေး (ဖိုးသောကြာ)က ပြောကြားသည်။
"အစိုးရ သတင်းစာဆိုတာ ပြည်သူကို သူတို့သိစေလိုသော သတင်းများကိုသာ ပေးတာပါ။ အဘတို့ ပုဂ္ဂလိက သတင်းစာဆိုတာ ပြည်သူသိချင်တာတွေကို ရှာဖွေပြီးတော့ ပေးတယ်။ အဲဒီအတွက် အစိုးရ ၀န်ကြီးဌာနတွေက သတင်းတွေကို အစိုးရပိုင် သတင်းစာတွေနဲ့ တစ်ပြေးညီ ပုဂ္ဂလိက သတင်းစာတွေပါ အမြန်ဆုံး ဖော်ပြခွင့်ရရင် ပြည်သူတွေကို အကျိုးရှိစေမှာပါ။ သတင်းဆိုတာ မျှတတိကျ မှန်ကန်ပြီး မြန်မြန်ပြည်သူတွေ သိခွင့်ရှိလေ ပြည်သူတွေ အကျိုးရှိလေပါ" ဟု ဦးခင်မောင်လေး (ဖိုးသောကြာ)က ဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာခြင်းများ အပါအ၀င် ၀န်ကြီးဌာနများ၏ သတင်းများ ရယူရာတွင်လည်း အစိုးရပိုင် မီဒီယာနှင့် အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက သတင်းမီဒီယာများကသာ သတင်းရယူခွင့်၊ သတင်းဓာတ်ပုံ ရယူခွင့်တို့ ရရှိနေမှုများနှင့် ပတ်သက်ပြီး မီဒီယာသမားများက ဝေဖန်မှုများ ရှိနေသည်။
အစိုးရ သတင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာကပဲ လက်ဦးမှု ရယူပြီး လုပ်ဆောင်နေတာဟာ မသင့်တော်ပါဘူး။ ဒါဟာ ပုဂ္ဂလိက သတင်းစာတွေကို အားနည်းအောင် လုပ်ရာရောက်တယ်။ ပုဂ္ဂလိက သတင်းစာတွေ အားနည်းရင် ပြည်သူတွေကို ထိခိုက်စေတဲ့ သက်ရောက်မှုတွေပါ ရှိလာမယ် . . . . .
"သတင်းထုတ်ပြန်မှုတွေ၊ သတင်းရယူခွင့်တွေကို အစိုးရ သတင်းစာတွေက လက်ဝါးကြီးအုပ် ရယူထားတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ လက်ရှိအခြေအနေမှာ ဒါမျိုးတွေ မရှိသင့်တော့ဘူး"ဟု ပြည်တွင်းသတင်းဌာန တစ်ခုမှ ဓာတ်ပုံသတင်းထောက် ကိုခိုင်စိုးအောင်က ပြောသည်။
နိုင်ငံပိုင် သတင်းစာများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူများသို့ လစဉ်ပြောကြားသည့် မိန့်ခွန်းများကိုလည်း သမ္မတမိန့်ခွန်း မပြောမီကတည်းက ရရှိထားပြီး ပုဂ္ဂလိက သတင်းစာများထက် လက်ဦးမှု ရယူပြီး ဖော်ပြနိုင်ခဲ့သည်။
သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးအောင်သန်းက "အစိုးရ သတင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာကပဲ လက်ဦးမှု ရယူပြီး လုပ်ဆောင်နေတာဟာ မသင့်တော်ပါဘူး။ ဒါဟာ ပုဂ္ဂလိက သတင်းစာတွေကို အားနည်းအောင် လုပ်ရာရောက်တယ်။ ပုဂ္ဂလိက သတင်းစာတွေ အားနည်းရင် ပြည်သူတွေကို ထိခိုက်စေတဲ့ သက်ရောက်မှုတွေပါ ရှိလာမယ်။ ပြည်သူဆိုတာ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေကိုပဲ ဖတ်တာမှ မဟုတ်တာ။ အခြားသတင်းစာတွေ ဖတ်တဲ့ ပရိသတ်တွေကို ထိခိုက်စေတယ်။ ဒါကြောင့် သတင်းတွေကို တစ်ပြေးညီ ထုတ်ပြန်ပေးသင့်တယ်" ဟု သုံးသပ်ပြောကြားသည်။
Yangon Time နေ့စဉ်သတင်းစာမှ လက်ထောက်မန်နေဂျင်း အယ်ဒီတာ ကိုစောမြင့်သန်းက "သမ္မတရုံး ၀က်ဘ်ဆိုက်မှာဆိုလည်း တော်ရုံတန်ရုံ သတင်းတွေက up to date မဖြစ်တော့ဘူး။ အစိုးရ သတင်းစာမှာ ဖော်ပြပြီးတော့မှ ထွက်လာတာမျိုးတွေ ရှိလာတာပေါ့။ ဒီနေ့ဆိုရင် နိုင်ငံပိုင် သတင်းစာတွေထဲမှာ ပါလာတဲ့ ငြိမ်းချမ်းရေး ကော်မတီကို လူတွေပြောင်းတယ်ဆိုတဲ့ ကြေညာချက်ဆိုရင် မနေ့ကတည်းက ဒီအကြောင်းတွေ သိနေလောက်ပြီပေါ့။ ဒါပေမဲ့ သတင်းစာမှာ ပါပြီးမှ ကျွန်တော်တို့ သိရတယ်။ သတင်းစာက Follow up တွေကိုပဲ ကျွန်တော်တို့ လိုက်ကိုးကား ရတာပေါ့" ဟု ပြောကြားသည်။
ထို့ပြင် အစိုးရ ၀န်ကြီးဌာန သတင်းများ၊ တပ်ပိုင်းဆိုင်ရာ သတင်းများ အပါအ၀င် သတင်းများအား အတည်ပြုချက်များ ရယူရာတွင် ခက်ခဲမှုများ ရှိနေပြီး အစိုးရ ၀န်ကြီးဌာနများအား ဆက်သွယ်မေးမြန်းရာ၌    အမှန်တကယ် ဖြေဆိုမည့် ပြောရေးဆိုခွင့် ရှိသူများ ထားရှိသင့်ကြောင်း မီဒီယာသမားများက သုံးသပ်မှုများ ရှိနေသည်။

No comments :

Post a Comment

Blogger Widgets
Back to Top