Blogger Widgets

Wednesday 19 June 2013

The Daily Eleven သတင်းစာပါ သတင်းဖော်ပြချက်ကို မှားယွင်းကြောင်း အစိုးရ သတင်းစာက စွပ်စွဲရေးသား ထားခြင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ ကြေညာချက်

ဇွန် ၁၃ ရက်ထုတ် The Daily Eleven သတင်းစာပါ "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အများစု ကန့်ကွက်မည်" ဖြစ်ကြောင်း သတင်းဖော်ပြချက်သည် မှားယွင်းသော သတင်းဖော်ပြချက်ဖြစ်ကြောင်း ဇွန် ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ နှစ်စောင်စလုံးတွင် ထည့်သွင်းဖော်ပြ ထားပါသည်။ ယင်းဖော်ပြချက်များနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်များနှင့် The Daily Eleven သတင်းစာ၏ သဘောထားကို အောက်ပါအတိုင်း ကြေညာအပ်ပါသည်။ (၁)
"မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်) ကို အစိုးရမှ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေကြောင်း သတင်းမှား ထုတ်ပြန်မှုအား ရှင်းလင်းခြင်း" ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် သတင်းတွင် "မှားယွင်းသော သတင်းထုတ်ပြန်ချက်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်" ဟု ဖော်ပြထားသော်လည်း မည်သူမည်ဝါဆိုသည့် သတင်းရင်းမြစ် တိတိကျကျ မပါရှိပါ။ ယင်းဝန်ကြီးဌာနမှ တစ်စုံတစ်ဦးကိုမျှ မေးမြန်းဖော်ပြ ထားခြင်းလည်း မရှိဘဲ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၆.၁၁.၂၀၁၂ နေ့တွင် ကျင်းပသော လွှတ်တော်တွင် ရှင်းလင်းဆွေးနွေးချက် အပြည့်အစုံကိုသာ ပြန်လည်ဖော်ပြ ထားပါသည်။
(၂)
ထိုသို့ ဖော်ပြခဲ့သော ၀န်ကြီး၏ ရှင်းလင်းချက်တွင်လည်း "ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့လည်း စောစောက ကိုယ်စားလှယ်ကြီးများ အကြံပြုကြသလို အစိုးရ အဖွဲ့သစ် စတင်တာဝန် ယူချိန်ကပင်စပြီး ခေတ်နှင့်ညီသော ဥပဒေများအဖြစ် ပြင်ဆင်နိုင်ရန် တစ်ခုပြီးတစ်ခု ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်လို့ လောလောဆယ်မှာ အချို့သော စာသားများနှင့် လုပ်ထုံးလုပ်နည်း ဥပဒေပါ စာသားအချို့နှင့် ဒဏ်ကြေး၊ ငွေကြေး သတ်မှတ်မှုများမှာ ခေတ်စနစ်နှင့် မကိုက်ညီတော့သဖြင့် ပြင်ဆင်နိုင်ရန် အတွက်လည်း စောစီးစွာကပင် စီစဉ်ဆောင်ရွက်လျက် ရှိနေပါကြောင်း ပြောကြားလိုပါတယ်" ဟု ပြောကြားထားသည်ကို ဖော်ပြထားရာ ဥပဒေ ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုထားခြင်း မရှိသည်ကို တွေ့ရပါသည်။
(၃)
ထို့အပြင် အစိုးရ သတင်းစာပါ ဖော်ပြချက် နောက်ဆုံးစာပိုဒ်တွင် "ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အရေးကြီးသော ဥပဒေရေးရာ ကိစ္စရပ်များကို ရေးသားဖော်ပြသည့် မီဒီယာများ အနေဖြင့် ရုပ်မြင်သံကြား အစီအစဉ်နှင့် နိုင်ငံပိုင် မီဒီယာများမှ ရှင်းလင်းစွာ လွှင့်ထုတ်ပေးနေသည့် သတင်းကိုပင် မှားယွင်းထုတ်ပြန်ခြင်းသည် ပြည်သူလူထုက အစိုးရအား အထင်အမြင် လွဲမှားပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သဖြင့် အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း သတင်းရရှိသည်" ဟု သတင်းကျင့်ဝတ်နှင့် မညီသော မိမိ၏ ထင်မြင်ယူဆချက် အာဘော်ကို ထည့်သွင်းဖော်ပြ ထားသည်ကို တွေ့ရပါသည်။
reexplain-june19
ဇွန် ၁၈ ရက် မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်
(၄)
The Daily Eleven သတင်းစာက ရေးသားဖော်ပြခဲ့သော သတင်းသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အစိုးရက ပြင်ဆင်ရေးဆွဲ နေသည်ဟု သိရကြောင်း ပြောကြားချက် အပါအ၀င် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၊ အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်တို့၏ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်သော ပြောကြားချက်များဖြင့် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သတင်းရင်းမြစ်များမှာ ခိုင်မာမှုရှိကြောင်း ရှင်းလင်းအပ်ပါသည်။
(၅)
The Daily Eleven သတင်းစာ၏ သတင်းဖော်ပြချက်သည် ဥပဒေရေးရာ ကိစ္စများအတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်ကို ခိုင်မာသည့် သတင်းရင်းမြစ် အမှန်ဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်ကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။ မည်သည့်အချက်များ ပြင်ဆင်မည် ဆိုသည်ကို အသေးစိတ် ထည့်သွင်းထားခြင်း မရှိပါ။
(၆)
မိမိတို့အား သတင်းမှား ထုတ်ပြန်သည်ဟု အစိုးရ သတင်းစာများက သတင်းအဖြစ် ပြန်လည်ဖော်ပြချက်သည် ခိုင်မာသည့် သတင်းအရင်းအမြစ် မပါရှိပါ။ ရေးသားဖော်ပြ ထားချက်သည် သတင်းအင်္ဂါရပ်နှင့် လျော်ညီခြင်း လုံးဝမရှိသလို နောက်ဆုံးစာပိုဒ်တွင် မိမိတို့၏ အာဘော်ကို သတင်းရရှိသည်ဟု ထည့်သွင်းထားခြင်းမှာလည်း ကျင့်ဝတ်နှင့် လုံးဝလျော်ညီခြင်း မရှိပါ။ ထို့အပြင် The Daily Eleven သတင်းစာ၌ ဖော်ပြခဲ့သည့် သတင်းတွင် မည်သည့်အချက်များ မှားယွင်းကြောင်း အတိအကျ ထောက်ပြရေးသားထားခြင်း မရှိသလို မည်သည့်အချက်များသည် မှန်ကန်ကြောင်း တိတိကျကျ ပြန်လည်ရှင်းလင်း ဖော်ပြထားခြင်းလည်း မရှိပါ။ မည်သည့် သတင်းရင်းမြစ်ကိုမှလည်း မေးမြန်းထည့်သွင်းထားခြင်း မရှိပါ။
(၇)
သို့ပါ၍ နိုင်ငံပိုင် အစိုးရသတင်းစာ နှစ်စောင်ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ယခုကဲ့သို့ ဖော်ပြချက်သည် ယှဉ်ပြိုင်ဘက် သတင်းစာအချင်းချင်း ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင် စွပ်စွဲရေးသားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့မှ ပြန်လည်ဖြေရှင်း တောင်းပန်ရန် The Daily Eleven သတင်းစာက တောင်းဆိုအပ်ပါသည်။
The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့

No comments :

Post a Comment

Blogger Widgets
Back to Top