ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် နယ်စည်းမခြားအဖွဲ့ (MSF) အနေဖြင့်
ဆေးခန်း ဖွင့်လှစ်ရန်နှင့် ဘင်္ဂါလီ လူနာများအား မြောက်ဦးဆိပ်ကမ်းကို
အသုံးပြု ပို့ဆောင်ရန် တောင်းဆိုမှုအား မြောက်ဦးမြို့ခံများက
ကန့်ကွက်ခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမခြား အဖွဲ့ (MSF) မှ ဒါရိုက်တာ Mr.
Richard Kinder က မေ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် မြောက်ဦးမြို့နယ်
အုပ်ချုပ်ရေးမှူးရုံး၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊
အခြားဌာနများ၊ မြို့မိမြို့ဖများ၊ လူမှုကွန်ရက်မှ အဖွဲ့ဝင်များနှင့်
တွေ့ဆုံကာ မြောက်ဦးမြို့ပေါ်နှင့် ရှမ်းတောင်ကျေးရွာ တို့တွင် ရခိုင်နှင့်
ဘင်္ဂါလီများအတွက် ဆေးကုသနိုင်ရန် ဆေးခန်းဖွင့်လှစ်ရန် ကိစ္စ၊ လူနာများအား
မြောက်ဦးမြို့ပေါ်ကို ဖြတ်ကာ သင်္ဘောဆိပ်ကို အသုံးပြု ပို့ဆောင်ရေး ကိစ္စနှင့်
ကျေးရွာများအထိ ဆင်းကာ ဆောင်ရွက်မည့် ကိစ္စများအား သဘောထား
မေးမြန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်းဆိုမှုအား မြောက်ဦးမြို့ခံများက လုံးဝ လက်မခံနိုင်ကြောင်း
ကန့်ကွက်ခဲ့သည်ဟုလည်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ
ကိုအောင်စိုးမြင့်က ပြောကြားသည်။
"MSF ညှိနှိုင်းရေးမှူး ဆိုတဲ့သူက သူတို့ လုပ်ငန်းစဉ်တွေကို ချပြပြီးတော့
မြို့ပေါ်က ဆိပ်ကမ်းကို အသုံးပြုပြီး ဘင်္ဂါလီ လူနာတွေကို ပို့ဆောင်ပေး
လိုတယ်လို့ တောင်းဆိုလာတယ်။ ဒါကို မြို့ခံတွေက မြို့ပေါ်ရပ်ကွက်တွေကို
ဖြတ်ပြီး ဘင်္ဂါလီတွေ ၀င်ထွက်သွားနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ
ထပ်ဖြစ်လာမှာစိုးလို့ ကန့်ကွက်ကြောင်း ပြောကြတယ်။ သူတို့ မြို့ခံတွေကို
အသိမပေးဘဲနဲ့ မြောက်ဦးမြို့နယ် အတွင်းမှာ ဆေးခန်းတွေဖွင့်ပြီး
ဘင်္ဂါလီတွေအတွက် ဆောင်ရွက်နေတာကိုက လေးငါးလလောက် ရှိနေပြီ။ နောက်တစ်ချက်က
ဘင်္ဂါလီတွေကို မြို့ထဲ ဖြတ်သန်းသွားလာနေရင် ပြဿနာက ပိုဆိုးသွားနိုင်လို့
မြို့မိမြို့ဖတွေက ကန့်ကွက်ကြတာ ဖြစ်ပါတယ်" ဟု မြောက်ဦးမှ
ကိုအောင်စိုးမြင့်က ပြောကြားသည်။
ဘင်္ဂါလီများသာမက ရခိုင်တိုင်းရင်းသားများ ကိုပါ ကူညီသည်ဟု ဆိုထားသည့် MSF
အဖွဲ့၏ AZG ဆေးခန်း ဖွင့်လှစ်မှုအား စစ်တွေမြို့ အပါအ၀င် ရခိုင်ပြည်နယ်
တစ်ဝန်းလုံးတွင် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ရခိုင်ပဋိပက္ခ
နောက်ပိုင်းတွင် ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး လုပ်ငန်းများအား
ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။

No comments :
Post a Comment