Blogger Widgets

Friday 7 June 2013

ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါဝင်မည့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု စီးပွားရေး အဆောက်အအုံ Hoang Anh Gia Lai Myanmar Center စီမံကိန်း စတင်

hoanganngialai-june6
Hoang Anh Gia Lai Myanmar Center တည်ဆောက်ရေး လုပ်ငန်းခွင်ကို
ဇွန် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ) ဝေယံဖြိုးဦး

နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါဝင်မည့် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး အဆောက်အအုံ Hoang Anh Gia Lai Myanmar Center တည်ဆောက်ရေး လုပ်ငန်းများကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဇွန် ၅ ရက်က စတင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ၀င်ရောက်ရင်းနှီး မြှုပ်နှံရန် ဥရောပ၊ အာရှနိုင်ငံများက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည့်အနက် ဗီယက်နမ်နိုင်ငံမှ Hoang Anh Gia Lai Group သည် ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ လုပ်ငန်းကွန်ရက်ဟာ ဗီယက်နမ်မှာတင် မကဘဲ လာအိုမှာ ရှိတယ်၊ ကမ္ဘောဒီးယားမှာ၊ ထိုင်းမှာ ရှိတယ်။ အခု မြန်မာနိုင်ငံကို ရောက်လာပါပြီ" ဟု Hoang Anh Gia Lai Group ၏ ဥက္ကဋ္ဌ Mr.Doan Nguyen Duc က အဆိုပါ စီမံကိန်း တည်ရှိရာ အမှတ် (၁၉၂) ကမ္ဘာအေးစေတီလမ်း (ယခင် အမှတ် (၁) စက်မှုဝန်ကြီးဌာန ရုံးဟောင်းနေရာ) ၌ ဇွန် ၅ ရက်က ပြုလုပ်ခဲ့သော တည်ဆောက်ရေးလုပ်ငန်း စတင်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

Hoang Anh Gia Lai Group သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစု တစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် မေ ၃၁ ရက်နေ့အထိ ယင်း၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ရေအားလျှပ်စစ် စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း အစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။

နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများကို ၂၀၀၇ ခုနှစ်မှ စတင်ဆောင်ရွက်ရာ၌ လာအိုနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀၊ ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၃၄ သန်း၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

"Hoang Anh Gia Lai Myanmar Center ဟာ Hoang Anh Gia Lai Group ရဲ့ အကြီးဆုံး နိုင်ငံရပ်ခြား အိမ်ခြံမြေ စီမံကိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၄၄၀ အထိ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ တရားဝင် ဆောင်ရွက်စရာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆောင်ရွက်ပြီးစီးပါပြီ။ တည်ဆောက်ရေး လုပ်ငန်းအကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့လည်း အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်" ဟု Hoang Anh Gia Lai Group ၏ ဥက္ကဋ္ဌ Mr.Doan Nguyen Duc က ပြောကြားခဲ့သည်။

Hoang Anh Gia Lai Maynmar Project တွင် အဆင့်နှစ်ဆင့် ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်အား ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။ အဆိုပါ အဆင့်တွင် အထပ် ၂၇ ထပ်ရှိ ကုန်သွယ်မှုစင်တာ၊ ရုံးခန်းများ ပါရှိမည်ဖြစ်ပြီး အထပ် ၂၃ ထပ်၊ အခန်းပေါင်း ၄၈၀ ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်လည်း ပါဝင်မည်ဖြစ်သည်။ ဟိုတယ်တွင် အစည်းအဝေး ခန်းမများ၊ ဥရောပ၊ အာရှ၊ ဒေသတွင်း စားသောက်ဆိုင်များနှင့် အခြားသော နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များတွင် ပါဝင်သည့် ၀န်ဆောင်မှုများလည်း ထည့်သွင်းထားမည် ဖြစ်သည်ဟု ဆိုပါသည်။

စီမံကိန်းအဆင့် (၂)ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး အထပ် ၂၈ ထပ်ရှိ အဆောက်အအုံ၌ အခန်းပေါင်း ၁၈၀၀ ခန့်၊ ရုံးခန်းများ ပါရှိမည်ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top