Blogger Widgets

Thursday, 27 June 2013

ကျောင်းသုံးအခြေခံ လက်တွေ့ခန်းသုံး ပစ္စည်းများ GEC (ပညာရေး) မှ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချမည်

မြန်မာနိုင်ငံရှိ ကျောင်းများအတွင်း ကျောင်းသုံးအခြေခံ လက်တွေ့ခန်းသုံး ပစ္စည်းများ အသုံးပြုပြီး လက်တွေ့လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဂျီအီးစီ (ပညာရေး)မှ လက်တွေ့ခန်းသုံး ပစ္စည်းများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံ ကျောင်းများအပြင် တက္ကသိုလ် ကျောင်းများသို့ လက်တွေ့လုပ်ငန်းသုံး ပစ္စည်းများ ရောင်းချသွားမည်ဖြစ်ပြီး ဂျီအီးစီ (ပညာရေး) အသင်းစုများမှတစ်ဆင့် မြို့နယ်အလိုက် ဖြန့်ဖြူးသွားမည်ဟု သိရသည်။
"ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေက လက်တွေ့ခန်းသုံး ပစ္စည်းတွေ မရှိတဲ့ ကျောင်းတွေက များတယ်၊ လက်တွေ့လုပ်မယ်ဆိုရင် လက်တွေ့လုပ်ရမယ့် ပစ္စည်းမရှိတော့ စာတွေ့နဲ့ပဲ သင်ကြားနေရတယ်။ အဲလိုဆိုတော့ သီအိုရီတွေကို ကျောင်းသားတွေက အလွတ်ရသွားတာပဲ ရှိတယ်။ သူတို့ရဲ့ အရည်အချင်းက ကျလာတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို စတင်အကောင်အထည် ဖော်ရခြင်း ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကိုတော့ ကျွန်တော်တို့ရဲ့ မြို့နယ်အသင်းစုတွေ တစ်ဆင့်ဈေးနှုန်း သက်သာစွာနဲ့ ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်" ဟု ဂျီအီးစီ (ပညာရေး) သမ၀ါယမ အသင်းစုချုပ် ဥက္ကဌ ဦးခင်မောင်ညွန့်က ပြောကြားခဲ့သည်။
သင်ကြားသင်ယူမှု သင်ထောက်အကူပြု ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်အတွက် ပြည်နယ်တိုင်းဒေသကြီး အသီးသီးရှိ ဂျီအီးစီ (ပညာရေး) သမ၀ါယမ အသင်းစုများ၊ အခြားသမ၀ါယမ အသင်းများ၊ သမ၀ါယမ ဘဏ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အသင်းစု ကိုယ်ပိုင်ရင်းနှီးငွေများဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေက လက်တွေ့ခန်းသုံး ပစ္စည်းတွေ မရှိတဲ့ ကျောင်းတွေက များတယ်၊ လက်တွေ့လုပ်မယ်ဆိုရင် လက်တွေ့လုပ်ရမယ့် ပစ္စည်းမရှိတော့ စာတွေ့နဲ့ပဲ သင်ကြားနေရတယ်။ အဲလိုဆိုတော့ သီအိုရီတွေကို ကျောင်းသားတွေက အလွတ်ရသွားတာပဲ ရှိတယ်။ သူတို့ရဲ့ အရည်အချင်းက ကျလာတယ် . . . . .
ကျောင်းဓာတ်ခွဲခန်းသုံး ပစ္စည်းများကို မြန်မာနိုင်ငံရှိ သိပ္ပံပစ္စည်း စက်ရုံမှ ထွက်ရှိသော ဓာတုဗေဒဆိုင်ရာ ဖန်ထည်ပစ္စည်း အမျိုးမျိုး၊ မိုက်ခရိုစကုပ် အမျိုးမျိုး၊ အလင်းဆိုင်ရာ၊ လျှပ်စစ်ဆိုင်ရာ၊ မက္ကင်းနစ်ဆိုင်ရာ လက်တွေ့ခန်းသုံး ပစ္စည်းအမျိုးမျိုးကို ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်းတွင် မထုတ်လုပ်နိုင်သေးသော bucket & cylinder, rotary spring balance ,G by free fall apparatus, event timer အစရှိသော ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ မှာယူတင်သွင်း၍ ရောင်းချသွားမည်ဟု သိရသည်။
နိုင်ငံခြားမှတစ်ဆင့် မှာယူတင်သွင်းမှုနှင့် ပတ်သက်ပြီး ဦးခင်မောင်ညွန့်က "ကျွန်တော်တို့ နိုင်ငံခြားက မှာယူတာက အချိန်တစ်ခုလောက်ပါ။ အခုလုပ်ငန်းက အဆင်ပြေရင် အဲဒီကရတဲ့ အမြတ်နဲ့ စက်ရုံထောင်ပြီးတော့ ဈေးနှုန်းပိုသက်သာအောင် ရောင်းချပေးသွားမှာပါ။ အခုလက်ရှိကတော့ တစ်ဆင့်ဆိုတော့ ဈေးနှုန်းကို ထိန်းထားရတယ်" ဟု ၎င်းကဆက်လက် ရှင်းပြသည်။
ဂျီအီးစီ (ပညာရေး) အသင်းစုချုပ်ကို ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ ပညာရေး သင်ထောက်ကူ ဖြည့်ဆည်းရေး လုပ်ငန်းလုပ်ဆောင်ခြင်း အပါအ၀င် ပြဋ္ဌာန်းချက် ၁၁ ချက်နှင့် ၁၆-၂-၁၉၉၆ တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းစုစုပေါင်း ၂၇ သင်းရှိကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top