မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနအား ဇွန်လအတွင်း တွေ့ရစဉ်။
နယ်စပ်စခန်း သုံးခုတွင် မြန်မာနိုင်ငံ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ရုံးခွဲများ ဖွင့်လှစ်၍ ပြည်ပမှ တင်သွင်းလာသည့်
စားသောက်ကုန်များအား စစ်ဆေးလျက်ရှိကြောင်း FDA မှ ညွှန်ကြားရေးမှူး
ဦးဝင်းဇော်က ပြောပြခဲ့သည်။
အဆိုပါ နယ်စပ်များမှ တင်သွင်းလာသည့် စားသောက်ကုန်များကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် သွင်းကုန်လိုင်စင်
လျှောက်ထားရန်အတွက် အရည်အသွေးပိုင်း ဆိုင်ရာများကို စစ်ဆေးပြီး ထောက်ခံချက်
ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
FDA ရုံးခွဲများအား ဖွင့်လှစ်ရာတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု
အများဆုံး ပြုလုပ်လျက်ရှိသည့် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်
ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေး
စခန်းများအပြင် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေး
စခန်းများတွင် ဖွင့်လှစ်ထားရှိခြင်းဖြစ်ပြီး တင်သွင်းလာသည့်
စားသောက်ကုန်များအား ထိရောက်စွာ စစ်ဆေး၍ ထောက်ခံချက်များ
ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
"FDA အနေနဲ့ နယ်စပ်က တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှာ သွင်းကုန်လိုင်စင် လျှောက်ထားဖို့အတွက်
စားသောက်ကုန်ရဲ့ အရည်အသွေးကို စစ်ဆေးပြီး Import Health Certificate ကို
ထုတ်ပေးရပါတယ်။ ပြီးရင် သွင်းကုန်လိုင်စင် ကျလာတဲ့ စားသောက်ကုန်တွေကို
ဈေးကွက်ထဲမှာ မဖြန့်ခင် အရည်အသွေးပိုင်း ဆိုင်ရာနဲ့ ကျန်းမာရေး ထိခိုက်မှု
ရှိမရှိ၊ စားသုံးဖို့ သင့်၊ မသင့်ကို စစ်ဆေးပြီး Health Certificate ကို
ထုတ်ပေးတာပါ" ဟု FDA မှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောပြခဲ့သည်။
လက်ရှိတွင် FDA အနေဖြင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များနှင့်
ပြည်ပမှ တင်သွင်းလျက်ရှိသော စားသောက်ကုန်များကို ပိုမိုထိရောက်စွာ
စစ်ဆေးနိုင်ရန်အတွက် ၀န်ထမ်းအင်အား တိုးချဲ့ထားပြီးဖြစ်ကာ လိုအပ်ပါက
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများ
အားလုံးတွင် ရုံးခွဲများ ဖွင့်လှစ်သွားမည်ဟု သိရသည်။

No comments :
Post a Comment