Blogger Widgets

Saturday 8 June 2013

ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုဖြစ်လာနိုင်ဟု ခန့်မှန်း

6.7.8
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် နှစ်အလိုက် မြင့်တက်လာနေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုပိုင်း၌ အဓိက အခန်းကဏ္ဍ ဖြစ်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းသုံးသပ်မှုများအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်ကာ နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကာ ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့သည်။ ယခုနှစ်တွင်လည်း လက်ရှိကာလ ခရီးသွား ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက နိုင်ငံတကာမှ နိုင်ငံခြားသားဧည့်သည် လာရောက်လည်ပတ်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၅ သန်း အထိ တိုးမြင့်လာပြီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၄ သန်းခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန် ၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပင်မစီမံကိန်း ထုတ်ဖော်မှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိက ဒေါက်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဆင်းရဲသောဒေသ၌ နေထိုင်ကြသည့် ပြည်သူလူထု အပါအ၀င် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် အလားအလာ ရှိနေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) မှ ဒုတိယ ဥက္ကဋ္ဌ Mr.Stephen Groff က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အစိုးရအဖွဲ့သည် အာရှဖွံ့ဖြိုးရေးဘဏ်၊ နော်ဝေနိုင်ငံ အစိုးရတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၂၁ ခုကို လုပ်ကိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းကို ထုတ်ဖော်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားအ၀င် သိသိသာသာ မြင့်တက်လာမှုကြောင့် ဧည့်လမ်းညွှန် လိုအပ်မှု၊ ဟိုတယ်ဝန်ထမ်း လိုအပ်မှု စသည်တို့အပြင် အခြားသော ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ၏ ၀န်ထမ်းလိုအပ်ချက်များကြောင့် လူငယ်လူရွယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း ဦးစားပေး ရွေးချယ်မှုတွင် ခရီးသွားလုပ်ငန်း ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အာရှ၊ ဥရောပစသည့် ဒေသနိုင်ငံများမှ လေ့လာမှုလည်း မြင့်တက်လာခဲ့ပြီး ခရီးသွား နည်းပါးချိန်က ရပ်တန့်ခဲ့သည့် စီမံကိန်း အချို့မှာလည်း ပြန်လည်စတင်နေသည်။
''ကျွန်တော်တို့ရဲ့ စီမံကိန်းဟာ ဒေသခံတွေကို အလုပ်အကိုင် ထောင်ချီ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ နှစ်စဉ်ဘတ်ဂျက်ကိုလည်း အမေရိကန်ဒေါ်လာ သန်းချီဖြည့် ဆည်းပေးမှာ ဖြစ်ပါတယ်'' ဟု ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာသည့် ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai Group ၏ ဥက္ကဋ္ဌ Mr.Dong Nguyen Duc က ဇွန် ၅ ရက်က ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ် နောက်ပိုင်း ခရီးသွားလုပ်ငန်း စတင်ကျဆင်းလာသည့် ကာလအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်နေကြသော လူငယ်လူရွယ်များသည် အလုပ်အကိုင် အခွင့်အလမ်း အတွက် ပြည်ပသို့ ထွက်ခွာမှု များပြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top