ရွှေပြည်သာ ကျူချောင်သုဿာန် မီးသဂြိုလ်စက် အသစ်ကို မေလတွင်
စတင်အသုံးပြုသွားမည်ဟု YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနက သတင်းထုတ်ပြန်သည်။
ရွှေပြည်သာ ကျူချောင်သုဿာန်ကို လက်ရှိတွင် မြေမြှပ် သုသာန် အဖြစ်သာ အသုံးပြုလျက် ရှိပြီး မေလတွင် မီးသဂြိုလ်စက်ဖြင့် ရုပ်အလောင်းများကို သဂြိုလ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်မြင့်မော်က “ ကျူချောင်မှာ မြေနေရာရှားပါးလာပြီး ရုပ်အလောင်းတွေကို မြေမြုပ်ဖို့ ခက်လာတယ်။ အခုမီးသဂြိုလ်စက်က အဆင့်မြင့် နည်းပညာအသုံးပြု တည်ဆောက်ထားလို့ အန္တရာယ် ဖြစ်စေတဲ့ ဘာအနံ့အသက်မှ မထွက်ဘူး။ ” ဟုရှင်းပြသည်။
ကျူချောင်သုသာန်ကို ၁၉၉၀ခုနှစ်ကပင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရွှေပြည်သာ မြို့နယ်၏ နာရေးသဂြိုလ်ခြင်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အစိုးရဘတ်ဂျက်ဖြင့် သိန်းတထောင်ကျော် အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း လက်ထောက် အင်ဂျင်နီယာ ဦးအောင်မြင့်မော်က ပြောသည်။
ကျူချောင် သုသာန်သို့ လူတချို့ ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ပျက်စီးမှုများနှင့်ကြုံရကြောင်း YCDC ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးလှဝင်းအောင်က ပြောသည်။
၎င်းက “သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားခဲ့ပြီး ဖြစ်ပါတယ်။ ကျူချောင်သုသာန်မှာ မီးသဂြိုလ်စက် တည်ဆောက်တာကလဲ ရုပ်အလောင်းတွေနဲ့ မြေနေရာ မလုံလောက်မှုက ပတ်ဝန်းကျင်ကို အနံ့အသက်ဆိုး
တွေ ဖြစ်ပေါ်စေလို့ ခေတ်စနစ်နဲ့ လျော်ညီအောင် မီးထိုးဆီသုံး မီးသဂြိုလက်စက်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကျူချောင် သုသာန်တည်ဆောက်စဉ်က ရွှေပြည်သာနှင့် ကျူချောင်အနီး ပတ်ဝန်းကျင်ရှိ ရပ်ကွက်နေ
ပည်သူတချို့၏ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကျူချောင်သုသာန် မီးသဂြိုလ်စက် တည်ဆောက်မှုကို ရပ်ကွက် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ အသိပေးခဲ့ခြင်း မရှိသည့် အတွက် နိုင်ငံတော် သမ္မတထံ ထပ်မံစာတင်သွားရန် ရှိကြောင်း ရွှေပြည်သာ မြို့နယ် ထာဝရမေတ္တာရှင် လူငယ်အဖွဲ့မှ ကိုအောင်ကြီးက ပြောသည်။
ကိုအောင်ကြီးက “ ကျူချောင်သုသာန်က ရွှေပြည်သာမြို့နယ်ထဲက ရပ်ကွက် ငါးခုရဲ့ အလယ်မှာရှိတာ မီးသဂြိုလ်စက်ကြီး ဆောက်လို့ ပြီးသွားတော့မှ ရပ်ကွက်ထဲက လူတွေသိရတာ။ အနီးအနားက ပြည်သူတွေကို အသိပေးကြေငြာခဲ့ခြင်းမရှိခဲ့ဘူး။ အခုအခြားမြို့နယ် အချို့မှ ပဋိပက္ခတွေ ရှိနေလို့ ကျွန်တော်တို့ဘက်က ကျူချောင် သုသာန်နဲ့ ပတ်သတ်ပြီး ကန့်ကွက်ဖို့ လတ်တလောကို ရပ်ထားတယ်။ ” ဟုဆိုသည်။
ကျူချောင် သုသာန်သည် မြေဧက ၂၄ဒဿမ ၃၆၂ ရှိပြီး အဆိုပါ အစ္စလာမ် သုသာန် မြေနေရာ ၄ဒဿမ ၂၃၇ ဧကနှင့် ခရစ်ယာန်မြေနေရာ ၂ဒသမ ၅၂ဧက သတ်မှတ်ခွင့်ပြုထားကြောင်း သိရသည်

No comments :
Post a Comment