သီလ၀ါရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ စက်သုံးဆီ သိုလှောင်ကန်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်တိုင်းဒေသကြီး သန်လျင်နှင့် ကျောက်တန်းမြို့နယ် သီလ၀ါ
အထူးစီးပွားဇုန်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေ ၁၃၅ ဒသမ ၉ ဧကကို ပုဂ္ဂလိက
စက်သုံးဆီ ကုမ္ပဏီများကို ငှားရမ်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
အဆိုပါ မြေများကို BOT စနစ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပိတောက်ရွှေဝါ
ကုမ္ပဏီက ၃၇ ဒသမ ၀၆ ဧက၊ သူရိယစွမ်းအင် ကုမ္ပဏီက ၂၄ ဒသမ ၇၁ ဧက၊
ရွှေတောင်ကုမ္ပဏီက ၂၄ ဒသမ ၇၁ ဧကနှင့် International Group of Entrepreneur
ကုမ္ပဏီက ၂၄ ဒသမ ၇၁ ဧက၊ Green Asia ကုမ္ပဏီက ၂၄ ဒသမ ၇၁ ဧက
ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းသည့် နှစ်ကာလနှင့် ငှားရမ်းခကို တရားဝင်
ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။
စက်သုံးဆီ ကုမ္ပဏီများသည် အဆိုပါ မြေများတွင် စက်သုံးဆီ အတင်အချ
ဆိပ်ကမ်းတံတားများ၊ ဆီသိုလှောင်ကန်များ တည်ဆောက်ပြီး စက်သုံးဆီ
သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ပြီး
ငှားရမ်းခဲ့သည့် သီလ၀ါဆိပ်ကမ်း မြေကွက်များမှာ ၃၃၊ ၁၇၊ ၁၈(စီ)၊ ၁၊ ၂(စီ)၊
၃၁၊ ၃၂(ဘီ)၊ ၁၇၊ ၁၈(အေ)တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
သီလ၀ါ အထူးစီးပွားဇုန်ရှိ ကမ်းနားတစ်ဝိုက်တွင် ယခင်ကတည်းက စက်သုံးဆီ
ကုမ္ပဏီများအား မြေငှားရမ်းမှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံရှိ စက်သုံးဆီ
ကုမ္ပဏီအချို့မှာ ထူး၊ ပြည်ခိုင်ဖြိုး၊ မြန်မာ့စီးပွားရေးဦးပိုင်၊
မက်စ်မြန်မာ၊ IGE၊ ဒဂုံအင်တာနေရှင်နယ်၊ ကောင်းဇော်ဟိန်း၊ ဧရာရွှေဝါ၊ ယုဇန၊
ဧဒင်၊ ရွှေသံလွင်၊ အဏ္ဏ၀ါလွှမ်း၊ မြတ်မေတ္တာမွန်၊ နီလာရိုးမ၊ ရွှေတောင်၊
ဂရင်းအေးရှား၊ ကေတုမတီ၊ ဇေကမ္ဘာ၊ မြန်မာနိုင်ဂရု၊ ၂၀၀၀ လီမိတက် စသည်တို့
ဖြစ်သည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်ကို ယခင်က အစိုးရကသာ
ထိန်းချုပ်ထားပြီး ၂၀၁၀ ပြည့်နှစ် ဇွန် ၁၀ ရက်မှ စတင်ကာ ပုဂ္ဂလိက စက်သုံးဆီ
အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့
ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့သော စက်သုံးဆီဆိုင် ၂၆၁ ဆိုင်အနက်
လက်ရှိအချိန်ထိ ၂၅၆ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး အရောင်းဆိုင် ၂၀၀
နီးပါးကို အသစ်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်ရောင်းချနေသော
စက်သုံးဆီဆိုင် ၄၀၀ ကျော်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့်
အရောင်းဆိုင် ရာဂဏန်းရှိကြောင်း သိရသည်။

No comments :
Post a Comment