Blogger Widgets

Friday, 7 June 2013

ဒီမိုကရေစီသာ အကောင်းဆုံးစနစ် ဖြစ်သည်

မစ္စမယ်ဒလင်း အောဘရိုက် မိန့်ခွန်းပြောကြားနေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)
နိုင်ငံတစ်ခု တည်ထောင်ရေးတွင် ဒီမိုကရေစီသည် နှေးကွေးသော်လည်း အကောင်းဆုံးစနစ် တစ်ခု
ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်းမစ္စမယ်ဒလင်းအောဘရိုက်က ဇွန်လ ၅ ရက်
နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
"ဒီမိုကရေစီစနစ်ဟာ အဆိုးအကောင်းရှိတဲ့ စနစ်တစ်ခုဖြစ်ပေမယ့် အစိုးရဟာပြည်သူ့အတွက်
ဝန်ဆောင်မှုပေးတယ်ဆိုတာကို သေချာစေတဲ့ တစ်ခုတည်းသော စနစ်တစ်ခုဖြစ်ပါတယ်။
အားနည်းချက်ကတော့ သူရဲ့ ဖြစ်စဉ်ဟာ နှေးကွေးတာပါပဲ။ ဒီမိုကရေစီစနစ်ဆိုတာ သူတစ်ပါးကို
ဖြစ်စေချင်တာကို ကိုယ်ကိုယ်တိုင် နေထိုင်တာဖြစ်သလို အခြားသူတွေပြောချင်တာကိုလည်း
နားလည်ပေးနိုင်စွမ်းလည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့အတွက် လွတ်လပ်စွာပြောဆိုခွင့်သည်လည်း အကျုံးဝင်ကြောင်း နှင့် ဒီမိုကရေစီစနစ်ကောင်းမွန်
စွာဖြစ် ပေါ်ရေးအတွက် မှန်ကန်သည့် အာရုံစိုက်မှုလည်း လိုအပ်ကြောင်း မစ္စ အောဘရိုက်က
ပြောသည်။
ဒီမိုကရေစီစနစ်ပီပြင်သော အဖွဲ့ အစည်းများ၊ ကောင်းမွန်စွာ လုပ်ဆောင်သည့် ပါလီမန်၊ မျှတသည့်
တရားရေးနှင့် လူထုကိုအန္တရာယ်မပေးဘဲကာကွယ်မည့် လုံခြုံရေးတပ်ဖွဲ့များ ဖန်တီးရေးမှာ အချိန်ယူ
ရမည်ဖြစ်ကြောင်းလည်းပြောသည်။
"ဒါပေမဲ့ အရေးကြီးဆုံးနှင့်အချိန်တွေ အများကြီးယူရမယ့် လိုအပ်ချက် တစ်ခုကတော့ သံသယတွေ
ကို ယုံကြည်မှုနှင့်အစားထိုးတာပါ" ဟု မစ္စအောဘရိုက်က ပြောသည်။
"အောင်မြင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာ ပါလီမန်နှင့် သမ္မတကြားထဲ ယုံကြည်မှု၊ မတူတဲ့နိုင်ငံရေးပါတီ
တွေကြားထဲက ယုံကြည်မှုနှင့် လူထုနှင့် စစ်တပ်အပါအ၀င် အုပ်ချုပ်တဲ့အဖွဲ့ အစည်းတွေကြားထဲက
ယုံကြည်မှု တွေမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး"ဟု ၀ါရှင်တန်အခြေစိုက် National Democratic Institute
၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သော ၎င်းက ပြောသည်။
"ယုံကြည်မှု မရှိရင်ဘာဖြစ်တယ်ဆိုတာ ကျွန်မတို့မြင်တွေ့ခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲရလဒ်တွေ
လျစ်လျူရှုခံ ရတယ်။ လူနည်းစုတွေဖိနှိပ်ခံရတယ်။ ပညာသင်တဲ့လူတွေဟာ အမှန်တရားအရ
အလိမ်အညာတွေပဲ သင်ကြားခိုင်းတယ်။ အာဏာကိုအလွဲသုံးစား လုပ်ပြီး တိုင်းပြည်ရဲ့ငွေကြေးတွေ
ကိုသူတို့အတွက် အသုံးပြုကြတယ်"ဟု ၎င်းက ပြောသည်။
စစ်မှန်သည့် ဒီမိုကရေစီစနစ်ဆိုသည်မှာ ခေါင်းဆောင်နှင့် တိုင်းသူပြည်သားများက ဥပဒေထံတွင်
အဖြေရှာနိုင်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့မှာ အရပ်သား ထိန်းချုပ်မှုအောက်တွင်ရှိခြင်းနှင့် မည်သည့်
ပါတီ အနိုင်ရစေကာမူ အတိုက်အခံများ၏ အခွင့်အရေးအား တန်ဖိုးထားခြင်းဖြစ်ကြောင်း ၎င်းက
ပြောသည်။
"ထိပ်တန်းအကျဆုံး စိန်ခေါ်မှုကတော့ မတူညီတဲ့လူမျိုးစု၊ ဘာသာစကား၊ ကိုးကွယ်မှုတွေဟာ နိုင်ငံ
တစ်ခုလုံးအနေနဲ့ ညီညွတ်ရေးအတွက် အတားအဆီးမဟုတ်ဘဲ တည်ဆောက်ရေး အစိတ်အပိုင်း
တွေဖြစ်တယ်ဆိုတာ သေချာစေဖို့ပါပဲ။ နိုင်ငံတွင်းမှာ နေထိုင်တဲ့သူတွေအားလုံးဟာ တရားဥပဒေ
အောက်မှာ ဂုဏ်သိက္ခာရှိရှိလေးစားမှုရှိရှိဆက်ဆံခံရရေးပါပဲ"ဟု ၎င်းက ပြောသည်။
"ကျွန်မတို့အားလုံး လွတ်လပ်စွာပြောဆိုတွေးခေါ်၊ ကိုးကွယ်ချင်ကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ
ဒီမိုကရေစီမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာဟာ တခြားသူတွေရဲ့ အခွင့်အရေးကိုလေးစားခြင်းနှင့်
အဲဒီအခွင့်အရေးတွေကိုမျှမျှတတပြည့်ပြည့်၀၀ ကာကွယ်ပေးမယ့်အစိုးရတစ်ရပ်တည်ရှိခြင်းပါ"ဟု
မစ္စအောဘရိုက်က ပြောသည်။
လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍမှ ခေါင်းဆောင်များအားလုံးလည်း မလိုမုန်းထားမှုများ၊ ခွဲခြားမှုများအား
အတူတကွ ရပ်တည်ရင်ဆိုင်ရန်လိုကြောင်းလည်း ၎င်းက ပြောသည်။
"အမေရိကလိုပဲ မြန်မာနိုင်ငံဟာ မတူတဲ့လူမျိုးစုတွေ ဘာသာရေးတွေရဲ့ အိမ်ပါ။ အမေရိကမှာ
တချိန်တခါတုန်း ကအမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် မဲပေးခွင့်မရခဲ့ပါဘူး။ အမေရိကဟာ
လူနည်းစု ဘာသာရေးတွေကို ဖိနှိပ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုတွေ ပျံ့နှံ့ခဲ့တယ်။ ကျွန်စနစ်ကြောင့်
ရှည်လျားတဲ့ သွေးစွန်းတဲ့ ပြည်တွင်းစစ်တွေ တွေ့ကြုံ ခဲ့ရပါတယ်"
"အမေရိကန်အနေနဲ့ အဲဒါကို ကျော်လွှားပြီး ရပ်တည်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့
အမှားတွေဆီကနေ သင်ယူခဲ့တယ်။ ဒီမိုရေစီစနစ်ရဲ့ ကတိဖြစ်တဲ့ တန်းတူအခွင့်အရေးနှင့် ရပိုင်ခွင့်
တွေကိုဖြစ်မြောက်လာဖို့ ကြိုးစားခဲ့ကြတဲ့ အတွက်ကြောင့်ပါ"ဟု မစ္စ အောဘရိုက်က ပြောသည်။
"လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်မ ရန်ကုန်ကို ရောက်တဲ့အချိန်မှာ သင်တို့ရဲ့ စစ်တပ်ခေါင်းဆောင်တွေက
သူတိုရဲ့ အာဏာရှင်စနစ်သာ ထိပ်ပိုင်းမှာ ခိုင်ခိုင်မာမာမရှိခဲ့ရင် သင်တို့ရဲ့ အသိုက်အ၀န်းဟာ ပြိုလဲ
သွားလိမ့်မယ်လို့သူတို့ က အခိုင်အမာပြောခဲ့ကြပါတယ်။
"ကျွန်မ ဆင်ခြေပေးတာမျိုးတွေအများကြီး ကြုံဖူးပါတယ်။ အမျိုးကွဲပြားနေတဲ့ တိုင်းပြည်ဒါမှမဟုတ်
ဆင်းရဲတဲ့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းသူပြည်သားတွေဟာ သူတို့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချ
နိုင်ဘူး။ ဒါမှမဟုတ်တချို့လူတွေဟာ ဒီမိုကရေစီအတွက်အဆင်သင့်မဖြစ်သေးဘူးလို့ တချို့လူတွေ
ကပြောကြတယ်။ ကျွန်မကိုယ်ပိုင် ယုံကြည်တာကတော့ ဒီမိုကရေစီအတွက် အဆင်သင့်မဖြစ်ဘူး
ဆိုတဲ့သူ မရှိပါဘူး"ဟု ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ် အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်
ထမ်းဆောင်ခဲ့သော မစ္စအောဘရိုက်ကပြောသည်။
"ဒီမိုကရေစီ အမြစ်တွယ်ဖို့အတွက် အချိန်လိုပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့အတွက် အချိန်ကိုလိမ္မာ
ပါးနပ်စွာ အသုံးချရပါမယ်။ သင်တို့ရဲ့ဒီမိုကရေစီဟာ နုနယ်သေးတယ်ဆိုပေမယ့် အချိန်တိုလေး
အတွင်းမှာ မြင်သာလောက်အောင် အများကြီး တိုးတက်လာခဲ့ပါပြီ"ဟု ၎င်းက ပြောသည်။

No comments :

Post a Comment

Blogger Widgets
Back to Top