Blogger Widgets

Friday, 7 June 2013

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံထိုင်း နုတ်ထွက်မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား အဓိကတာဝန် အကောင်အထည်ဖော်ခဲ့သည့် အီတာလျံ
ထိုင်းကုမ္ပဏီသည် စီမံကိန်းမှ နုတ်ထွက်မည်ဖြစ်သည်ဟု မြန်မာအစိုးရ၏ ထားဝယ် စီးပွားရေးဇုန်
လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သူရ ဦးသောင်းလွင်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော
အရှေ့အာရှ ကမ္ဘာ့ စီးပွားရေးဖိုရမ် ပထမနေ့တွင် မြန်မာတိုင်း(မ်) မှ တွေ့ဆုံမေးမြန်းရာတွင်
ပြောကြားခဲ့သည်။
"အီတာလျံထိုင်းက ဘေးထွက်ပေးဖို့ သဘောတူပြီးပါပြီ။ အဓိကတော့ ငွေရေး ကြေးရေးပိုင်းနဲ့
ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားလွန်းတဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခါ ထားဝယ်အထူးစီးပွားရေး
ဇုန်ရင်းနှီးမြှုပ်နှံမှုအတွက် တင်ဒါပြန်ခေါ်တဲ့အခါမှ အီတာလျံထိုင်းက သူများနည်းတူ တင်ဒါပြန်ဝင်ဖို့
သဘောတူထားတယ်"ဟု သူရဦးသောင်းလွင်က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရေးအတွက်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဇွန်လ တတိယပတ်တွင် ထိုင်း၌ ထပ်မံဆွေးနွေးသွားရန်ရှိပြီး၊ အဆိုပါ
ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံအား ဖိတ်ခေါ်သွားမည်ဖြစ်သည်။
"ဂျပန်လည်းပါမယ်။ အဲဒီဆွေးနွေးပွဲပြီးတဲ့အခါ ထားဝယ် စီမံကိန်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု
အတွက် တင်ဒါခေါ်ဖို့ ဆွေးနွေးမယ်။ အီတာလျံထိုင်းလည်း တင်ဒါမှာ ၀င်ပြိုင်မည်။ လက်ရှိ
အီတာလျံထိုင်းက ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏကို သူတို့ ဆန္ဒအတိုင်း ပြန်လျောပေးဖို့လည်း
သဘောတူထားတယ်။ ဒါက တော့ သူတို့သဘောပေါ့။ သူတို့က အလျော်ယူမယ်ဆိုရင်ပေးဖို့
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ သဘောတူထားတယ်။ အလျော်မယူပဲ တင်ဒါဝင်ပြိုင်တဲ့အခါမှ သူတို့ရင်းနှီး
ထားတဲ့ ငွေပမာဏအတိုင်း ထည့်ဝင်ပေးဖို့ဆိုလည်း သဘောတူထားပြီးသားပါ"ဟု မကြာမီက
အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွဲဖက်အတွင်းရေးမှူးဖြစ်သူ
သူရ ဦးသောင်းလွင်က ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ရာတွင် စီမံကိန်းဧရိယာတစ်ခုလုံး
အနေထားဖြင့် ပြောင်းရွှေ့ရန် မရှိသော်လည်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့်
တချို့အပိုင်းများတွင် နေရာ အပြောင်းအလဲရှိသည်ဟုလည်း သူရ ဦးသောင်းလွင်က ပြောကြားခဲ့
သည်။
ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက် လည်ပတ်ခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်
ရှင်ဇိုအာဘေး၏ ခရီးစဉ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး၊
ထားဝယ်စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေသည့်အတွက်
မကြာမီအချိန်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည်ဟု မေလ ၃၀ ရက်နေ့က
နေပြည်တော်တွင် ကျင်းပခဲ့သော အထူးစီးပွားရေးဇုန် ဆိုင်ရာအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်
က ပြောသည်။
ကီလီုမီတာ ၂၅၀ ကျော် အကျယ်အ၀န်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်
စီမံကိန်းအား နှစ် ၆၀ လုပ်ကိုင်ခွင့်နှင့် အကောင်အထည်ဖော်ရေးမူဘောင် သဘောတူညီမှုကို
အီတာလျံထိုင်းကုမ္ပဏီသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုး
ခဲ့ခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏအားနည်းခြင်းကြောင့် စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းများ
နှောင့်နှေးခဲ့ရာ စီမံကိန်းအား နိုင်ငံတော်အဆင့်မှ စီမံခန့်ခွဲနိုင်ရန် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့
၂၀၁၂ ခုနှစ်တွင် ပြောင်းလဲ သဘောတူညီခဲ့ကြပြီး၊ စီမံကိန်း အကောင်အထည်ဖော်ရေးနှင့်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးတို့အတွက် သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်
ယင်လပ်ရှင်နာဝပ်တို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသလို စီမံကိန်းအကောင်အထည်ဖော်ရေး
အတွက် နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများပါဝင်သော ကော်မတီများ ဖွဲ့စည်းရေးနှင့် ထပ်ဆင့်
သဘောတူညီမှုများ ဆွေးနွေးဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအကောင် အထည်ဖော်နေသော အထူးစီးပွားရေးဇုန်စီမံကိန်းများတွင်
အကြီးဆုံးဖြစ်သည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်
ပထမအဆင့်မှာပင် အမေရိကန် ဒေါ်လာ သန်း ရှစ်ဘီလျံကျော် ရှိမည်ဟု ခန့်မှန်းထားပြီး၊ စီမံကိန်း
အကောင်အထည်ဖော်ရန် မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ
လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top