Blogger Widgets

Monday 17 June 2013

ကလေးမွေးဖွားနှုန်း မြင့်မားခြင်း

bangalis-june16
စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှ ဘင်္ဂါလီများအား မေလက တွေ့ရစဉ်။ (ဓာတ်ပုံ - စည်သူအောင်)

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း မြင့်မားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လူမှုဝန်ဆောင်မှု အားနည်းခြင်း၊ စာတတ်မြောက်နှုန်း နည်းပါးခြင်း၊ ပညာဥာဏ်ရည် ချို့တဲ့ခြင်းနဲ့ family planning ဆိုင်ရာ ပညာပေးမှုများကို ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေ ရှိနေတတ်ပါတယ်။ ဒီအခါမှာ ကလေးမွေးဖွားနှုန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း၊ မိသားစုရဲ့ဝင်ငွေ စတာတွေက ယှဉ်တွဲတိုးတက်ခြင်း မရှိနိုင်တာကြောင့် မိသားစု အပေါ်မှာသာမက တိုင်းပြည်အပေါ်မှာပါ economic burden ဖြစ်လာပြီး ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။
 
မျှတမှု မရှိတဲ့ လူဦးရေ တိုးပွားမှုဟာ မိသားစုကိုလဲ ဆင်းရဲတွင်းထဲကို တွန်းပို့လိုက်နိုင်ပါတယ်။ ကလေးဆိုတာ မွေးဖွားပြီးရုံနဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက် ပေးရမှုတွေ၊ ပညာသင်ကြား ပေးရမှုတွေ ရှိပါတယ်။ ဒါကြောင့်လဲ ကျန်းမာပျော်ရွှင်ပြီး မိသားစုက တာဝန်ယူ ကျွေးမွေးပြုစု စောင့်ရှောက်နိုင်တဲ့ ကလေးအရေအတွက်ကိုသာ ယူဆောင်နိုင်ရေးအတွက် နိုင်ငံအများစုမှာ (အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ) အသိပညာပေးခြင်း၊ လိုအပ်ပါက သင့်လျော်သော လူဦးရေဆိုင်ရာ မူဝါဒများ (population policies) များ ချမှတ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လာကြ ရပါတယ်။

ကလေးမွေးဖွားနှုန်း မြင့်မားမှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ပြဿနာ တစ်ခုကတော့ ကန့်သတ်ထိန်းချုပ်မှုမဲ့ ကလေးမွေးဖွားခြင်း (Uncontrolled fertility) ပဲ ဖြစ်ပါတယ်။ ထိန်းချုပ်မှုမဲ့ ကလေးမွေးဖွားခြင်း ဆိုတာကို ပညာရှင်များက အဓိပ္ပာယ် ဖွင့်ဆိုထားကြရာမှာ အိမ်ထောင်ဖက် စုံတွဲမှဖြစ်စေ (သို့မဟုတ်) အိမ်ထောင်ဖက် ယောက်ျားမှ အိမ်ထောင်ဖက် မိန်းမအား စည်းရုံးမှု (သို့မဟုတ်) ခြိမ်းခြောက်မှုဖြင့်ဖြစ်စေ၊ စီးပွားရေး အခြေအနေနှင့် လိုက်လျောညီထွေ မရှိသော မိသားစု အရွယ်အစား ချဲ့ထွင်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုထားကြပါတယ်။ ဖိုမ သဘောသဘာဝအရ ဆက်ဆံပေါင်းသင်းမှုကို နှစ်ဦးနှစ်ဖက် သဘောတူညီပါက လွတ်လပ်စွာ ပေါင်းသင်းနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး (Human rights) ဖြစ်ပါတယ်။

သို့ပေမဲ့ အခွင့်အရေး (rights) ဆိုတာ တာဝန်ယူမှု (responsibility) နဲ့ ဒွန်တွဲနေပါတယ်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံဟာ လူ့အခွင့်အရေးကို အပြည့်အ၀ ကျင့်သုံးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ည ၁၂ နာရီကျော်မှာ ကိုယ့်အခွင့်အရေးကို ကျင့်သုံးတယ်ဆိုပြီး သီချင်းအကျယ်ကြီး ဖွင့်ထားခဲ့ရင် ဘေးပတ်ဝန်းကျင်က သက်ဆိုင်ရာကို တိုင်တန်းနိုင်ပါတယ်။ သက်ဆိုင်ရာကလဲ အရေးယူနိုင်ပါတယ်။ ညသန်းခေါင်ကျော်ဆိုတာ လူအများအိပ်ချိန် ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်အခွင့်အရေးကို ကျင့်သုံးမှုဟာ အများကို ထိခိုက်မှု မရှိစေအောင် တာဝန်ယူမှု ရှိစေရေးအတွက် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်အခွင့်အရေးဆိုပြီး သူများအိမ်ရှေ့မှာ အမှိုက်သွားပစ်လို့ မရပါ။ ကိုယ့်အခွင့်အရေးကို ကျင့်သုံးရာမှာ အခြားသူများရဲ့ အခွင့်အရေးကို မထိခိုက်အောင် ကျင့်သုံးရမှာဖြစ်ပြီး၊ ထိခိုက်လာပါက သက်ဆိုင်ရာက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန် တာဝန်ရှိပါတယ်။

လွတ်လပ်စွာ ဆက်ဆံပေါင်းသင်းမှု အခွင့်အရေးကို ကျင့်သုံးပြီး၊ တာဝန်မယူနိုင်တဲ့ ကလေးများကို အများအပြား မွေးဖွားစေပြီးမှ မိသားစု တစ်ခုလုံးကို ဆင်းရဲတွင်းထဲ ပို့ဆောင်ထားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဟာ သူ့လူ့အခွင့်အရေးကို အသုံးချသူတစ်ယောက် ဖြစ်ပေမယ့် သူအသုံးချထားတဲ့ လူ့အခွင့်အရေးကနေ ပေါ်ထွက်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ တာဝန်မယူနိုင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိသားစုဝင်ငွေက ကလေးတစ်ယောက်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိုပဲ တာဝန်ယူနိုင်ချိန်မှာ Uncontrolled fertility ကို လူ့အခွင့်အရေး တစ်ရပ်အဖြစ် သဘောပိုက်ပြီး ကလေးနှစ်ယောက် ယူလိုက်မယ်ဆိုရင် ၀င်ငွေရဲ့ အခြေအနေအရ ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးကိုပဲ တာဝန်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးမှာကျတော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

ကလေးမွေးဖွားနှုန်း မြင့်မားမှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ပြဿနာ တစ်ခုကတော့ ကန့်သတ်ထိန်းချုပ်မှုမဲ့ ကလေးမွေးဖွားခြင်း (Uncontrolled fertility) ပဲ ဖြစ်ပါတယ် .....

ဒါတင် မကသေးပါဘူး။ Uncontrolled fertility ကြောင့် မီးဖွားစဉ် သေဆုံးနှုန်းလဲ မြင့်မားနိုင်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူတစ်သိန်းမှာ မီးဖွားစဉ်သေဆုံးနှုန်း ၂၇ ဦးရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ (အထူးသဖြင့် မွေးဖွားနှုန်းကို ထိန်းချုပ်ခြင်း မရှိတဲ့ နိုင်ငံတွေမှာ) မီးဖွားစဉ် သေဆုံးနှုန်းက လူတစ်သိန်းမှာ လူ ၁၀၀၀ နီးပါး ရှိပါတယ်။ ဒီလို ကွာခြားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာကြည့်ကြရာမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဘ၀ လုံခြုံမှု စတာတွေအပြင် ကန့်သတ်ထိန်းချုပ်မဲ့ ကလေးမွေးဖွားနှုန်း မြင့်မားမှုကလဲ အကြောင်းရင်းတစ်ခု အနေနဲ့ ပါဝင်နေပါတယ်။

မိခင်များရဲ့ သေဆုံးနှုန်းတင် မြင့်မားတာ မဟုတ်ပါဘူး။ အသက် ငါးနှစ်အောက် ကလေးများရဲ့ သေဆုံးနှုန်း မြင့်မားမှုကလဲ ကလေးမွေးဖွားနှုန်း မြင့်မားမှုနဲ့ ဆက်နွှယ်နေပါတယ်။ အာဖရိကတိုက်မှာ ကလေးတစ်ထောင် မွေးဖွားလာတဲ့အခါ အသက်ငါးနှစ် မတိုင်မီ သေဆုံးနှုန်းက ၁၄၀ အထိ ရှိပါတယ်။ ဒီလို သေဆုံးနှုန်း မြင့်မားမှုရဲ့ အကြောင်းရင်းတွေထဲမှာလဲ ကလေးမွေးဖွားနှုန်း မြင့်မားမှုက အကြောင်းရင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများ (Human Development Reports) အရ ကလေးမွေးဖွားနှုန်း နည်းပါးတဲ့ နိုင်ငံတွေမှာ လူသားဖွံ့ဖြိုး တိုးတက်မှု မြင့်မားပြီး၊ ကလေးမွေးဖွားနှုန်း မြင့်မားတဲ့ နိုင်ငံတွေမှာတော့ လူသားဖွံ့ဖြိုးတိုးတက်မှု နိမ့်ပါးပါတယ်။

ကလေးမွေးဖွားနှုန်း မြင့်မားခြင်းဟာ မွေးဖွားရသော မိခင်များအတွက် အသက်အန္တရာယ်ရှိမှု၊ မွေးဖွားပြီး ကလေးများအတွက် အသက်အန္တရာယ် ရှိမှု၊ မိသားစု ဆင်းရဲတွင်း ပိုနက်စေမှု၊ ကလေးများရဲ့ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများကို လျော့ပါးစေမှု၊ လူသားဖွံ့ဖြိုး တိုးတက်မှုကို သိသာစွာ ထိခိုက်စေမှု၊ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်စေမှု စတဲ့ဆိုးကျိုးများ သက်ရောက်စေနိုင်ပါတယ်။

သိုပပေမဲ့ အချို့သော နေရာဒေသများနဲ့ လူ့အဖွဲ့အစည်းများမှာ ဒီလိုပညာပေးမှု၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှု စတာတွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်များ၊ တာဝန်ယူမှုနှင့် ယှဉ်တွဲနေသော လူ့အခွင့်အရေးများကို ဖော်ပြရာမှာ တာဝန်ယူမှု ရှုထောင့်ကို ဖယ်ရှားပြီး လူ့အခွင့်အရေး တစ်ခုတည်းကိုသာ မီးမောင်းထိုး ဖော်ပြချက်များ စတာတွေကို ပြုလုပ်လာကြပါတယ်။ ဒီလိုပြုမူ ဆောင်ရွက်မှုတွေကို စာတတ်မြောက်မှုနှုန်း နည်းပါးတဲ့ ဒေသများ၊ မိမိကိုယ်ကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းပြီး လူတစ်ဦးတစ်ယောက်ရဲ့ ပြောဆိုမှုများကိုသာ ယုံကြည်လက်ခံသော လူ့အဖွဲ့အစည်းများက လက်ခံမှုတွေ ရှိလာတတ်ပါတယ်။

ဒီအခါမှာ အချို့သော အစိုးရများ အနေနဲ့ သင့်လျော်သော မူဝါဒများ ချမှတ်ပြီး၊ ကလေးမွေးဖွားနှုန်း ကန့်သတ်မှုတွေ ပြုလုပ်လာရတာတွေလဲ ရှိပါတယ်။ အစိုးရများဟာ ကလေးမွေးဖွားနှုန်း မြင့်မားမှုတွေမှာ ကန့်သတ်ထိန်းချုပ်ဖို့တင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ကလေးမွေးဖွားနှုန်း နည်းပါးမှုတွေမှာလဲ သင့်လျော်သော မူဝါဒများနဲ့ ၀င်ရောက်စွက်ဖက် ရတာတွေ ရှိပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာတော့ ကလေးမွေးဖွားနှုန်း မြင့်မားမှု၊ လူဦးေ ရအဆမတန် မြင့်မားမှုများကြောင့် one-child policy ကို ကျင့်သုံးခဲ့ရပါတယ်။ စင်ကာပူနဲ့ ဆွီဒင်နိုင်ငံများမှာလဲ (၁၉၅၀) မှ (၁၉၇၀) ကာလများမှာ ကလေးမွေးဖွားနှုန်း မြင့်မားမှုကို အစိုးရက၀င်ပြီး ကန့်သတ်ထိန်းချုပ် ခဲ့ရပါတယ်။ ကလေးမွေးဖွားနှုန်းက အဆမတန် နည်းပါးသွားတာကြောင့် ဆုကြေးများပေးပြီး၊ မိသားစုများ ကလေးယူလာအောင် ပြန်လည်လုပ်ဆောင်ရတဲ့ နိုင်ငံတွေလဲ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးမွေးဖွားနှုန်းဟာ မိသားစုစီးပွားရေး အခြေအနေနဲ့ လျော်ညီမှု ရှိမရှိကို မိဘများကိုယ်တိုင် စနစ်တကျ လေ့လာသုံးသပ် အကဲဖြတ်နိုင်တဲ့ အသိဥာဏ် ရှိဖို့ကတော့ အလွန်ပဲ အရေးကြီးလှပါတယ်။ ဒါကြောင့် လိုအပ်ချက်အရ အစိုးရများမှ မူဝါဒများ ချမှတ်၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်မှုနဲ့အတူ ယှဉ်တွဲပြီး၊ family planning projects များကိုလဲ အရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလို အကောင်အထည် ဖော်ဆောင်မှုများကို ပိတ်ပင်တားဆီးမှုများရှိတဲ့ လူ့အဖွဲ့အစည်းများမှာလဲ တစ်ဦးချင်း ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မြင့်မားလာစေရေးအတွက် စာတတ်မြောက်နှုန်း မြင့်မားမှု ရှိလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်လှပါတယ်။ ဒါတင်မကဘဲ အခွင့်အရေး တစ်မျိုးတည်းကိုသာ ရှုမြင်တတ်တဲ့ တစ်ဖက်ကန်း အခွင့်အရေးဝါဒ မထွန်းကားစေရေးအတွက် အခွင့်အရေး (rights) နဲ့အတူ ယှဉ်တွဲနေတဲ့ တာဝန်ယူမှု (responsibility) ကိုလဲ သိနားလည်အောင် ပညာပေးဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြ အပ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top