အမေရိကန် ပြည်ထောင်စု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအ၀င်
နိုင်ငံရှစ်နိုင်ငံရှိ မြန်မာသံရုံးများတွင် စီးပွားရေး သံမှူးများ
စတင်ခန့်အပ်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ
သိရှိရသည်။
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ရှိ မြန်မာသံရုံး၊ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ ပေကျင်းရှိ မြန်မာသံရုံး၊ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ
မြန်မာသံရုံး၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်ရှိ
မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ဂျပန်နှင့် ဘယ်လ်ဂျီယမ်ရှိ
မြန်မာသံရုံးများတွင် စီးပွားရေး သံမှူးများ ခန့်ထားခြင်းဖြစ်ကြောင်း
သိရသည်။
စီးပွားရေး သံမှူးများ ခန့်အပ်ရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊
စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာနတို့မှ ၀န်ထမ်းများကို ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင်
ယခင်က သီးသန့်ထားရှိဖူးခြင်း မရှိသေးသည့် စီးပွားရေး သံမှူးများအား
အဓိကကျသည့် ကမ္ဘာ့ဈေးကွက်နိုင်ငံ၊ အိမ်နီးချင်း ဈေးကွက်နိုင်ငံ
အသီးသီးသို့ စေလွှတ်တာဝန် ပေးခြင်းဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment