Wednesday, 5 June 2013
တိုင်းရင်းသားအသီးသီး သဘောတူ လိုလားသည့် အမျိုးသားပညာရေး မူဝါဒတစ်ရပ် ဖြစ်လာရန် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်
ညီလာခံ ကျင်းပရေးနှင့် ပတ်သက်၍ ဒေါက်တာသိန်းလွင် ရှင်းလင်းစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
တိုင်းရင်းသား အသီးသီး သဘောတူ လိုလားသည့် အမျိုးသားပညာရေး မူဝါဒတစ်ရပ် ဖြစ်လာရန် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့တွင် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။
ရန်ကုန်မြို့ ခ၀ဲခြံရှိ ရန်ကုန် မျက်မမြင်ကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ် ပညာရှင်များ၊ ပညာရှင်များနှင့် ပညာရေး အတွေ့အကြုံ ကြီးမားသူများ တက်ရောက်ကြမည် ဖြစ်သည်။
ညီလာခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ ပညာရေး ကွန်ရက်မှ အကြိုသတင်းစာ ရှင်းလင်းပွဲကို ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ရာ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာသိန်းလွင်က "ယခင်ပညာရေးစနစ်က မူဝါဒ တိတိကျကျ မရှိဘဲနဲ့ အာဏာရှင် အစိုးရစိတ်ကြိုက် ရေးဆွဲတဲ့အတွက် နှစ်ပေါင်းများစွာ ပညာရေးစနစ်က နိမ့်ကျပြီး လွဲလွဲမှားမှား ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနေ့ နိုင်ငံရေး အပြောင်းအလဲမှာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံသား တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့၊ မြန်မာလူမျိုး အပါအ၀င် တိုင်းရင်းသား အသီးသီး လိုလားတဲ့ ပညာရေးမူဝါဒ ရှိဖို့လိုအပ်တယ်။ ဒီပညာရေး မူဝါဒက တစ်စုံတစ်ယောက်က ရေးဆွဲတာ မဟုတ်ဘဲနဲ့ ပညာရေးမှာ လက်တွေ့ပါဝင်တဲ့ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ နိုင်ငံသား၊ တိုင်းရင်းသား အသီးသီးရဲ့ အကြံဥာဏ်တွေကိုယူပြီး ရေးဆွဲတဲ့ ပညာရေးစနစ် ဖြစ်ရပါမယ်။ ဒါကြောင့် အမျိုးသားပညာရေး မူဝါဒဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲမှာ လိုအပ်တာ ဖြစ်ပါတယ်။ ပညာရေး မူဝါဒတစ်ရပ်ရှိရင် ပညာရေး မူဝါဒကို အခြေခံပြီးတော့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်။ ပညာရေး ကိစ္စတွေမှာ ဘယ်သူပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်နဲ့မှ မသက်ဆိုင်စေဘဲ ဥပဒေတိုင်း ဆောင်ရွက်ဖို့၊ ပညာရေး ကဏ္ဍတွေမှာ ဥပဒေစိုးမိုးဖို့ အမျိုးသားပညာရေး မူဝါဒကို အခြေခံပြီး အမျိုးသားပညာရေး ဥပဒေ ပေါ်ပေါက်လာဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပရခြင်းမှာ အမျိုးသား ပညာရေးဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်နိုင်ရန်အတွက် ပညာရေးနှင့် သက်ဆိုင်သောသူများ၏ အကြံဥာဏ်ကို ရယူရန်၊ ညီလာခံမှ ထွက်ပေါ်လာသည့် အကြံဥာဏ်များကို အခြေခံ၍ အမျိုးသားပညာရေး မူဝါဒ (မူကြမ်း)ကို ရေးဆွဲပြီး ပြည်သူလွှတ်တော်သို့ တင်သွင်းရန်၊ အမျိုးသားပညာရေး မူဝါဒကို အကောင်ထည် ဖော်နိုင်ရန်အတွက် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် အမျိုးသားပညာရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရန်တို့အတွက် ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အသင်းချုပ်၊ တက္ကသိုလ် ဆရာ/ဆရာမများ အစည်းအရုံး၊ ကျောင်းသား သမဂ္ဂများ (ဗ.က.သ၊ တ.က.သ၊ က.သ.ဖ)၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ၊ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းနှင့် ပညာရှင်များ၊ Thinking Classroom Foundation, Eductionlist Network, Generation Wave စသည့် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။

No comments :
Post a Comment