လက်ရှိအချိန်တွင် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများနှင့် စာနယ်ဇင်း
လွတ်လပ်ခွင့် Freedom of Press ကို ဖိနှိပ်သည့် အပြုအမူများ
ပိုမိုပြုလုပ်လာကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ဝေဖန်ထောက်ပြမှုများ
ထွက်ပေါ်လျက် ရှိနေပါသည်။ ယင်းသို့ ပုဂ္ဂလိက သတင်းမီဒီယာနှင့် စာနယ်ဇင်း
လွတ်လပ်ခွင့်အပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနှင့်ဖြစ်စေ
ထိန်းချုပ်ဟန့်တားလိုမှုနှင့် မျက်မှောက်ခေတ်တွင် အစိုးရ မီဒီယာများနှင့်
အပြိုင်ဖြစ်လာသည့် ပုဂ္ဂလိက မီဒီယာများကို ထိပါးနှောင့်ယှက် မှုများအပေါ်
ဂျာနယ်လစ် အသိုင်းအ၀ိုင်းမှ ကန့်ကွက်ရှုတ်ချ ဝေဖန်မှုများ
ပြုလုပ်လာကြကြောင်းကိုလည်း သိရသည်။
လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများ၏ ရေးသားဖော်ပြ ချက်များအပေါ် အစိုးရ အနေဖြင့် ထိန်းချုပ်တားမြစ်မှုများ သတိပေးမှုများ ဖိအားပေးခြင်းများနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော မြန်မာပို့စ် သတင်းဂျာနယ်တွင် ပြီးခဲ့သည့် မေလအတွင်းက မျက်နှာဖုံး၌ "အစိတ်သား တပ်မတော်" ဟူသော အသုံးအနှုန်းနှင့် "နိုင်ငံတကာ ဧည့်သည်တော်ကြီးများရှေ့၌ နိုင်ငံတော်အလံ ဇောက်ထိုးဖြစ်ရပ် ထပ်မံပေါ်ပေါက်" စသည့် စကားရပ်များ ပါဝင်သော သတင်းတို့ကို ဖော်ပြပြီးနောက် ယင်းဂျာနယ်မှ တာဝန်ရှိသူများအား အစိုးရ အရာရှိများက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဦးဆောင်၍ သမ္မတရုံး၊ ရှေ့နေချုပ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန စသည်တို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံကာ အဆိုပါ သတင်းအတွက် တောင်းပန်စာ ဖော်ပြစေခဲ့ကြောင်း မြန်မာပို့စ် ဂျာနယ်၏ အတိုင်ပင်ခံဖြစ်သူ ဦးသန်းဝင်းနိုင်က Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ် ဖြစ်ပွားပြီး မကြာမီပင် မြန်မာပို့စ်ဂျာနယ် ရုံးစိုက်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင် တိုင်းဒေသကြီး အရန်တပ်ခွဲဝန်း အတွင်းရှိ အဆောက်အအုံမှ ဂျာနယ်ရုံးခန်းကို ပိတ်သိမ်းပြောင်းရွေ့ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ယင်းအဆောက်အအုံမှ ပြောင်းရွေ့ပေးရန် ယခင်က ပြောကြားမှု ရှိခဲ့သော်လည်း နားလည်မှုဖြင့် ဆက်လက်နေထိုင်ခွင့် ရရှိထားပြီးဖြစ်ရာ ယခုတစ်ကြိမ် အကြောင်းကြားမှုတွင်မူ နေ့စဉ်လာရောက် ဖိအားပေးမှုများ ရှိနေကြောင်း မြန်မာပို့စ်ဂျာနယ် ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
ထိုကဲ့သို့ ဖိအားပေးမှုအပြင် မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူ၏ နေရပ်လိပ်စာကို ရဲတပ်ဖွဲ့မှ အဆိုပါ မီဒီယာ၏ ဒါရိုက်တာ အဖွဲ့ထံ လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ် အကြံပေး ဦးသန်းဝင်းနိုင်က ပြောကြားခဲ့သည်။ နောက်ဆုံးအနေဖြင့် ဇွန် ၂၁ ရက်က သတိပေးစာတစ်စောင် ရောက်ရှိလာပြီး ၁၅ ရက်အတွင်း ဖယ်ပေးရမည့် အကြောင်းနှင့် မဖယ်ပေးပါက အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပုဂ္ဂလိက မီဒီယာများအပေါ် အစိုးရ၏ လုပ်ဆောင်မှုများမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ထိခိုက်စေနိုင်ပြီး မီဒီယာ လွတ်လပ်ခွင့် အတွက်လည်း အဟန့်အတား ဖြစ်စေနိုင်သည့် လုပ်ရပ်အဖြစ် ရှုမြင်နေမှုများလည်း ရှိနေပါသည်။
"အခုဆိုရင် နှစ်နှစ်ရှိပြီ။ အခု နှစ်နှစ်အတွင်းမှာ ဒါမျိုးတွေကို တချို့မီဒီယာတွေ ကြုံရတာပေါ့နော်။ အဲဒီတော့ ဒီမိုကရေစီရဲ့ အဆင့်အတန်းကို ဘယ်လိုရေတွက်လဲ။ လွတ်လပ်ခွင့်ဆိုတာကို သိသိသာသာ မရှိသေးဘူး။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိသေးဘူး" ဟု ဦးသန်းဝင်းနိုင်က ပြောကြားခဲ့သည်။
မြန်မာပို့စ်ဂျာနယ် အနေဖြင့် ၎င်းတို့၏ ဂျာနယ်ရုံးခန်း တစ်ခုတည်းသာ မဟုတ်ဘဲ ၎င်းဂျာနယ်၏ မိခင်ကုမ္ပဏီဖြစ်သော Ammata Living Space ဟိုတယ်သုံး ပရိဘောဂဆိုင်ရာ အဆောက်အအုံနှင့် ဂျာနယ်ရုံးစိုက်ရာ United Media Group အဆောက်အအုံ အပါအ၀င် ကားပြုပြင်ခြင်း လုပ်ငန်းခုနစ်ခုကိုပါ ယင်းမြေနေရာမှ ပြောင်းရွေ့ပေးရန် အကြောင်းကြားစာ၌ ဖော်ပြထားကြောင်း သံတော်ဆင့် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။
ယင်းကဲ့သို့ တောင်းပန်စာ ဖော်ပြပေးရမှုအပေါ် မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ရာဂဏန်းရှိသော ရုံးဝန်ထမ်းများ ထမင်းအိုး ကွဲစေနိုင်သည့် အရေးကို စိုးရိမ်သည့်အတွက် ထိုသို့ တောင်းပန်မှုကို ၎င်းအနေဖြင့် မလုပ်ချင်ဘဲ လုပ်ခဲ့ရကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်ဟု မြန်မာသံတော်ဆင့် ဂျာနယ်က ဖော်ပြခဲ့ပါသည်။
အစိုးရ အနေဖြင့် မီဒီယာအပေါ် ယင်းကဲ့သို့ အကျပ်ကိုင် ဖိအားပေးမှုမျိုး ယခင်စစ်အစိုးရ လက်ထက်ကလည်း အမြဲတစေ လုပ်ကိုင်လေ့ရှိပြီး ပုဂ္ဂလိက မီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ယခုအချိန်ထိ ရှိနေသေးကြောင်း ဂျာနယ်လစ် အချို့၏ ပြောကြားချက်အရ သိရသည်။ ပုဂ္ဂလိက သတင်းမီဒီယာအပေါ် အစိုးရ၏ သဘောထား၊ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဟံသာဝတီ ဦးဝင်းတင်က "မလိုရင် မလိုသလို မီဒီယာကို အကျပ်ကိုင်တယ် ဆိုတာကတော့ ရှင်းရှင်းပြောရရင် သိပ်မဆန်းတော့ဘူး။ ဒါပေမဲ့ အဲလိုလုပ်တဲ့ အခါမှာ ချက်ချင်းအရေးယူတာမျိုး တုံ့ပြန်မှု မလုပ်ကြဘူး။ အကြောင်းကြုံကြိုက်တဲ့ အခါကျမှ ကွပ်မျက်တဲ့ ဟာလေးတွေ လုပ်တယ်ပေါ့။ အခုလိုမျိုး ဘာမဟုတ်တဲ့ သာမန်ကိစ္စ လေးတွေတောင်မှ လိုက်ပြီးလက်တုံ့ပြန် နေမယ်ဆိုရင် တိုင်းပြည်မှာ အရေးကြီးတဲ့ကိစ္စတွေ ရေးကြမယ်ဆိုရင် သူတို့သဘောထားတွေက တင်းမာမှုတွေ အများကြီး ရှိလာမယ်ဆိုတာ ထင်ရှားတယ်လို့ ကျွန်တော်ပြောချင်တယ်။
နောက်တစ်ခုက ဒါတွေဟာ တစ်နည်းအားဖြင့်ဆိုရင် ကျွန်တော်တို့ သတင်းစာတွေကို ဖိနှိပ်တာ၊ ချုပ်ချယ်တာပေါ့ဗျာ။ ဒါကတစ်ခုပေါ့။ နောက်ထပ် ပြောချင်တာက အဲဒီကနေ တစ်ဆင့်ဆိုရင် သတင်းစာတွေကို တရားစွဲတာတွေ လုပ်လာတော့မယ်။ ဖြစ်နိုင်ရင် ထောင်ချတာတောင်မှ လုပ်ရင်လုပ်တော့မှာပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့က အခုက သတင်းစာ လွတ်လပ်ခွင့် အပြည့်အ၀ မရှိပေမယ့် သတင်းစာ လွတ်လပ်ခွင့်ကို အရိပ်အယောင်လေးတော့ တွေ့နေရတယ်။ အဲဒီအတွက် ကျွန်တော်တို့ ၀မ်းသာတယ်၊ ကြိုဆိုတယ်။ သို့သော် အခုအတိုင်းသာ ဆိုရင်တော့ ဒါဟာ လက္ခဏာတွေ ပြနေတာက ကြာရင် ပြန်ပျက်ပြားလာတော့မယ့် အနေအထား ရှိနိုင်တယ် ထင်တယ်" ဟု ပြောကြားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရင် ကျွန်တော်တို့ သတင်းစာတွေကို ဖိနှိပ်တာ၊ ချုပ်ချယ်တာပေါ့ဗျာ။ ဒါကတစ်ခုပေါ့။ နောက်ထပ် ပြောချင်တာက အဲဒီကနေ တစ်ဆင့်ဆိုရင် သတင်းစာတွေကို တရားစွဲတာတွေ လုပ်လာတော့မယ်။ ဖြစ်နိုင်ရင် ထောင်ချတာတောင်မှ လုပ်ရင်လုပ်တော့မှာပေါ့။ ဘာပဲပြောပြော ကျွန်တော်တို့က အခုက သတင်းစာ လွတ်လပ်ခွင့် အပြည့်အ၀ မရှိပေမယ့် သတင်းစာ လွတ်လပ်ခွင့်ကို အရိပ်အယောင်လေးတော့ တွေ့နေရတယ်။ အဲဒီအတွက် ကျွန်တော်တို့ ၀မ်းသာတယ်၊ ကြိုဆိုတယ်။ သို့သော် . . . . . |
ထို့အပြင် ပြီးခဲ့သည့် မေ ၂၅ ရက်က ရန်ကုန်မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့ အာဘော်ကြောင့် The Daily Eleven သတင်းစာ ဖြန့်ချိသည့် ကားများကို အမြန်လမ်းမပေါ်တွင် ဖြတ်သန်းမှု ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရ၀န်ကြီးဌာန အချို့မှ The Daily Eleven သတင်းစာပါ သတင်းဖော်ပြချက်များကို မှားယွင်းကြောင်း ထုတ်ပြန်ကြေညာချက်များကို ပြုလုပ်ခဲ့သည့်အပြင် The Daily Eleven သတင်းစာပါ သတင်းဖော်ပြချက်များကို မှားယွင်းကြောင်း အစိုးရ သတင်းစာတွင်လည်း စွပ်စွဲရေးသားမှုများကို ပြုလုပ်ခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေဖြင့် အဓိက ရပ်တည်နေသော အစိုးရ မီဒီယာများ အနေဖြင့် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာများအပေါ် ရိုင်းပင်းကူညီမှု မရှိဘဲ အဘက်ဘက်မှ အကျပ်အတည်း ဖြစ်စေရန် တိုက်ခိုက်မှုများ ရှိနေသည့်အပေါ် ဂျာနယ်လစ် အသိုင်းအ၀ိုင်းအတွင်း ဝေဖန်မှုများ ရှိခဲ့ပါသည်။ ၀ါရင့် သတင်းစာ ဆရာကြီး မြန်မာ့အလင်း ဦးအောင်သန်းက "အစိုးရ အနေနဲ့ ပုဂ္ဂလိက မီဒီယာတွေကို ဖိနှိပ်တာ အစိုးရ သတင်းစာများ အနေဖြင့် ပုဂ္ဂလိက သတင်းစာများအပေါ် တိုက်ခိုက်မှုမျိုး လုပ်တာမှန်ရင် အဲဒါမသင့်တော်ဘူး။ နောက်ပြီး အဲဒီလို မလုပ်သင့်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်။ အစိုးရနဲ့ မီဒီယာက ညီညီညွတ်ညွတ် အပြန်အလှန် ရှိသင့်တယ်။ ဒါမှတိုင်းပြည်လည်း အကျိုးရှိမယ်။ အစိုးရနဲ့ မီဒီယာက သဘောကွဲပြီးတော့ လွတ်လပ်တဲ့ မီဒီယာက တစ်စုံတစ်ရာ မှားရင်ပေါ့လေ။ ငါဘာလုပ်လိုက်မယ်။ ညာလုပ်လိုက်မယ်ဆိုတာ မသင့်ဘူး" ဟု ပြောကြားခဲ့သည်။
မြန်မာပို့စ်ဂျာနယ်နှင့် ပတ်သက်ပြီး မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ ၂ ၊ အမှတ် ၁၅ တွင် ဖော်ပြထားမှုအား တွေ့ရစဉ်
ယင်းကဲ့သို့ အစိုးရနှင့် အစိုးရပိုင် သတင်းစာက ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် တိုက်ခိုက်ခြင်းမှာ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ရာရောက်ပြီး အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွင် စတုတ္ထမဏ္ဍိုင်၏ အရေးပါမှုနှင့် ထိန်းကျောင်းပေးနိုင်မှုအပေါ် နှောင့်ယှက်သည့် ပုံစံမျိုး ဖြစ်နေကြောင်းလည်း ဂျာနယ်လစ် အသိုင်းအ၀ိုင်းက ဆိုခဲ့ကြသည်။
စာနယ်ဇင်း ထုတ်ဝေဖြန့်ချိမှုအပေါ် စောင့်ကြည့်ကြပ်မတ်ရန် ပြန်ကြားရေး၊ ပြည်ထဲရေး၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး တာဝန်ရှိသူတို့ ပါဝင်ပြီး ကြီးကြပ်မှု ဗဟိုအဖွဲ့ကို အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၃) ဖြင့် ဇန်န၀ါရီ ၂၃ ရက်က ဖွဲ့စည်းခဲ့ခြင်းကြောင့် မီဒီယာ လွတ်လပ်ခွင့်အတွက် စိုးရိမ်စရာနှင့် ဂျာနယ်လစ်များအပေါ် စောင့်ကြည့်မည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ခြင်းကြောင့် ယခင်အစိုးရလက်ထက်က ကဲ့သို့ပင် ဂျာနယ်လစ်များ၏ လုံခြုံမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
ယင်းအပြင် လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိသေးကြောင်း လုပ်ဆောင်ချက် အကြောင်းအရာ တစ်ခုတည်းအပေါ် ပုဒ်မအမျိုးမျိုးတပ်၍ အရေးယူမှုများ မပြုလုပ်သင့်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်ပြောကြားမှုများလည်း ရှိနေပါသည်။ အလားတူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ တို့ဖြင့် အရေးယူမှု ထောင်ကျမှု များပြားလာသဖြင့် နိုင်ငံရေး အကျဉ်းသား ပိုများလာမှု အပေါ်လည်း အစိုးရအနေဖြင့် ပြန်လည်ဆန်းစစ်ရန်လိုကြောင်း နယ်ပယ်အသီးသီးမှ တောင်းဆိုမှုများ ရှိနေပါသည်။ တရားစီရင်ရေး အခန်းကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသောကြောင့် လွှတ်တော်သို့ တင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ သိရသည်။ ယင်းကဲ့သို့ ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၈ တို့ဖြင့် အရေးယူမှုများ၏ နောက်ကွယ်တွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပူးပေါင်းဆောင်ရွက်နေပြီ ဆိုပါကလည်း ယင်းသို့ မရှိသင့်ကြောင်း နိုင်ငံရေး လေ့လာသူများက အကြံပြုကြသည်။
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ပုံနှိပ်ဥပဒေကြမ်းကို ရေးဆွဲထုတ်ပြန် ခဲ့သည့်အပြင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကိုလည်း ထုတ်ပြန်ခဲ့ပြီး ယခင် အစိုးရလက်ထက်က ကဲ့သို့ပင် ၀ါဒဖြန့်ချိရေး ယန္တရားအနေဖြင့် ဆက်ရှိနေမည်ကို ဂျာနယ်လစ်များက စိုးရိမ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံပိုင် သတင်းစာများကတစ်ဆင့် ထုတ်ပြန်ခဲ့သော ပုံနှိပ်ဥပဒေ မူကြမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (က) ပါ လွတ်လပ်စွာ ဖြန့်ချိထုတ်ဝေခွင့် ရှိသည်ဟူသော အချက်နှင့် ကွဲလွဲနေပြီး အာဏာရှင်စနစ် တည်ထောင်ရန် ရေးဆွဲပြဌာန်းခဲ့သော ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အသွင်ပြောင်းထားသည့် ပုံစံမျိုး ဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် ပုံနှိပ်နည်း ဥပဒေများတွင် သတင်းမီဒီယာကောင်စီ အပါအ၀င် စာနယ်ဇင်း အဖွဲ့အစည်း အားလုံးနှင့် ဂျာနယ်လစ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ပုံနှိပ်ဥပဒေ မူကြမ်းနေရာတွင် အစားထိုးသည့် အနေဖြင့် PSM အများပြည်သူ ၀န်ဆောင်မှုဆိုင်ရာ မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ထပ်မံကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဂျာနယ်လစ်များက ကန့်ကွက်မှုများ ရှိနေသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်သည် ဇွန် ၈ ရက်တွင် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ယင်းကဲ့သို့ ပုဂ္ဂလိက မီဒီယာများအပေါ် အကြောင်းအမျိုးမျိုးဖြင့် ကန့်သတ်ထားမှုများ ပြုလုပ်နိုင်ရန် ရေးဆွဲနေသည့် မီဒီယာ ဥပဒေအမျိုးမျိုး ထွက်ရှိမှု အပေါ်လည်း ဝေဖန်သံများ ထွက်ပေါ်နေပါသည်။
အဆိုပါ ရှင်းလင်းပွဲတွင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှိပြီးသား ဥပဒေများကိုလည်း ထိခိုက်ခြင်း၊ အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းသည် မီဒီယာများ မှန်မှန်ကန်ကန် ရပ်တည်နိုင်အောင် ထိန်းသိမ်းပေးသည့် သဘောမျိုး ဖြစ်သင့်သော်လည်း စီးပွားရေးဆန်သည့် သဘောမျိုးဖြစ်၍ မူလအဓိပ္ပာယ်နှင့် ကွဲလွဲနေခြင်းတို့ ပါဝင်သည့် အချက် (၉) ချက်ဖြင့် ကန့်ကွက်ခဲ့ပြီး ဖြစ်ပါသည်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာများသည် လူနည်းစုများအသံ၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး၊ နိုင်ငံရေးပါတီ အားလုံး၏အသံ၊ အစိုးရနှင့် ၀န်ကြီးဌာနများ၏ ထုတ်ပြန်ချက်အားလုံး အစရှိသည်တို့ကို ဖော်ပြပေးမည်ဖြစ်ပြီး ပုဂ္ဂလိက မီဒီယာများကို မဟာဗျူဟာ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားမည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားထားခဲ့သည်။ သို့သော်လည်း အစိုးရ သတင်းမီဒီယာများ အနေဖြင့် လက်တွေ့တွင် ပုဂ္ဂလိက မီဒီယာများအပေါ် အသာစီး ရယူထားပြီး ယခုကဲ့သို့ အစိုးရ အနေဖြင့် ပုဂ္ဂလိက မီဒီယာများနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ထိပါးသည့် အပြုအမူများ ပြုလုပ်နေခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ဂျာနယ်လစ်များက သံသယ ရှိနေခဲ့သည်။
"ကျွန်တော်တို့က စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဒီထဲနေတဲ့ သူတွေဆိုတော့ဗျာ သတိထားပြီး ကြည့်နေပါတယ်။ ကျွန်တော်တို့ကို လွတ်လပ်တယ်။ လွတ်လပ်ပြီ။ လွတ်လပ်ခွင့် ရတယ်လို့ ပြောပြောနေကြတယ်ပေါ့ဗျာ။ ကျွန်တာ် စိတ်ထဲမှာတော့ တကယ်ပြည့်ပြည့်၀၀ မခံစားရဘူးဗျ။ အဟန့်အတားတွေက အမြဲတမ်း ရှိနေတယ်လို့ ခံစားရတယ်။ အခုကြုံတဲ့ ဟာတွေသည်လည်းပဲ အဲဒီလို လက္ခဏာတွေပဲလို့ မြင်တယ်။ စာနယ်ဇင်း သမားတွေနဲ့ ဒီသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့တော့ မြင်တယ်ဗျ။" ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က ဆိုပါသည်။
ထို့ပြင် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာများ အနေဖြင့် မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမှာဖြစ်ပြီး အစိုးရ အနေဖြင့် စတုတ္ထမဏ္ဍိုင်အပေါ် နားလည်မှုရှိရန် လိုအပ်ပြီး သို့မှသာ ဒီမိုကရေစီ စနစ်ကို ထူထောင်နိုင်မည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေက "မီဒီယာရဲ့ သဘောအရ ကျွန်တော်ရဲ့ ခံယူချက်ကတော့ တိုင်းပြည်က အပြောင်းအလဲ ဖြစ်ခါစ၊ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကိုပြောင်းတာ ဘာမှမကြာသေးဘူး။ နှစ် ၅၀ လောက် အာဏာရှင်စနစ် ပါခဲ့ကြတာဆိုတော့ အစိုးရ၊ လွှတ်တော်၊ တရားရေး အစရှိတဲ့ သုံးခုကွဲသွားတယ်။ အဲဒီမှာလည်း လူဟောင်းတွေများတယ်။ ကျွန်တော်တို့ တိုင်းပြည်က အပြောင်းအလဲတွေက အရမ်းမြန်နေတယ်။ ဒီမိုကရေစီ စံနှုန်းတွေနဲ့ သွားတဲ့အခါ ထိခိုက်မှုလေးတွေက နေရာတိုင်းမှာ ရှိနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သွားတဲ့အခါ ထိန်းထိန်းသိမ်းသိမ်း သွားရတာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင် လုပ်သက်မစင်သေးတဲ့ အတွေးအကြံ၊ အယူအဆတွေက နေရာတိုင်းမှာ ရှိနေတုန်းပါ။ ရှိသေးတဲ့အခါ မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့အခါမှာ လွတ်လပ်ခွင့် ရှိသလောက ပြောတဲ့အခါ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်လာတာတွေ ကမ္ဘာမှာ ရှိလာတယ်။ လောလောဆယ် အများပြည်သူသိလို့ အကျိုးမရှိဘူး၊ အများပြည်သူ မသိတော့လည်း ဘာမှမဖြစ်ဘူး ဆိုတာဟာလေးတွေ ရှိတယ်။ သတင်းလွတ်လပ်ခွင့်အရ ရေးကြတယ်၊ ပြောကြတယ်အခါ လွတ်လပ်ခွင့် အပေါ်မှာပဲ မေးခွန်းထုတ်တာတွေ တဖြည်းဖြည်း ရှိလာတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာက တစ်လျှောက်လုံးက အာဏာရှင် စနစ်နဲ့ နေလာကြတဲ့အခါ အပြောင်းအလဲမှာ ကိုယ့်ဘက်ကလည်း လွတ်လပ်ခွင့် ရှိသလောက် ပြောမယ်၊ ဒီဖက်ကလည်း ဖိနှိပ်ဖို့ ကြိုးစားမယ်။ အဲဒါဆို ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလက အန္တရာယ် ရှိနိုင်တယ်လို့ မြင်တယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် "ဒီမိုကရေစီကတော့ ပြန်ထိန်းချုပ်မှရမယ်။ ဒီကောင်တွေကို လွှတ်ပေးလို့ မရဘူးဆိုတဲ့ အိုင်ဒီယိုလော်ဂျီတွေက လွှမ်းမိုးသွားနိုင်တယ်။ ဘာသာရေးကို အသုံးချပြီး အလွှဲလမ်းပြတာတွေ ဒါမျိုးတွေကလည်း ရှိတယ်။ ဆိုလိုတာက ဒီအချိန်မှာ အင်မတန် အတိမ်းအစောင်း မခံတဲ့ကာလ ဖြစ်တယ်။ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် သမာသမတ်ရှိရှိ မျှမျှတတ ပြောကြဆိုကြဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်" ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ထိုကဲ့သို့ မီဒီယာများအပေါ် အစိုးရ အနေဖြင့် ဖိအားပေး ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများ၊ ပိုမိုများပြားလာခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အပြီး အမေရိကန်မှ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ လျှော့ချပေးခဲ့သည့်နောက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

No comments :
Post a Comment