Blogger Widgets

Friday 7 June 2013

အိန္ဒိယဘဏ်နဲ့ရေနံ လုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးလုပ်ကိုင်မယ်

မြန်မာနိုင်ငံထဲမှာ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအတွက် ​ပိုမို ​လမ်းပွင့်လာတာနဲ့အမျှ ​အိန္ဒိယနိုင်ငံက ​ရေနံလုပ်ငန်းနဲ့ ​ဘဏ်လုပ်ငန်းတွေစုပေါင်းထားတဲ့အဖွဲ့တဖွဲ့ကလည်း ​ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ ​သိရပါတယ်။
အခုမြန်မာနိုင်ငံထဲကို ​ရင်းနှီးမြုပ်နှံမှုလုပ်မယ့် ​အိန္ဒိယနိုင်ငံက ​စုပေါင်း ​စီးပွားရေးလုပ်ငန်းအဖွဲ့တွေထဲမှာ ​ပါဝင်တဲ့ကုမ္ပဏီကြီးတွေကတော့ ​Oil ​India ​ရေနံကုမ္ပဏီ၊ ​ONGC ​Videsh ​ရေနံကုမ္ပဏီနဲ့ ​SBIBSE ​ခေါ် ​ဘဏ်လုပ်ငန်းကုမ္ပဏီတွေပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​စွမ်းအင်၊ ​ရေနံနဲ့ ​သဘာဝဓါတ်ငွေ့တွေကို ​ပူးပေါင်းထုတ်လုပ်ဖို့နဲ့ ​ကမ်းလွန်နဲ့ ​ကုန်းတွင်းပိုင်း ​နှစ်ခုစလုံးက ​ရေနံတွေကို ​ရှာဖွေတူးဖော်ကို ​စိတ်ဝင်စားနေတာဖြစ်တယ်လို့ ​အိန္ဒိယနိုင်ငံ ​စီးပွားရေးစုပေါင်းကုမ္ပဏီက ​တာဝန်ရှိသူတဦးကပြောပါတယ်။
နေရောင်ခြည်စွမ်းအင်နဲ့ ​လေစွမ်းအင်တွေလိုမျိုး ​ပြန်ပြည့်မြဲစွမ်းအင်ဖြစ်တဲ့ ​စွမ်းအင်အရင်းအမြစ်အသစ်ကို ​အိန္ဒိယနိုင်ငံကတိုးတက်လုပ်ဆောင်နိုင်သလို ​မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းတွေကိုလည်း ​အဲလိုမျိုးတိုးတက်အောင်လုပ်ဆောင်နိုင်စေချင်တယ်လို့ ​တာဝန်ရှိသူကပြောပါတယ်။
အကြာသေးခင်ကပဲ ​မြန်မာနိုင်ငံက ​ဓါတ်ငွေ့နဲ့ ​ကမ်းလွန်ရေနံလုပ်ကွက် ​၁၈ ​ခုကို ​အစိုးရက ​လုပ်ခွင့်ပြုခဲ့ပါတယ်။ ​အခုလိုဖွင့်ပေးလိုက်တဲ့ ​ဓါတ်ငွေ့နဲ့ ​ရေနံလုပ်ကွက်တွေမှာ ​လုပ်ခွင့်ပြုဖို့အတွက် ​စကာတင်ရွေးချယ်ခံရတဲ့ ​ကုမ္ပဏီတွေထဲမှာ ​အိန္ဒိယနိုင်ငံရေနံကုမ္ပဏီတွေဖြစ်တဲ့ ​OIL၊ ​OVL၊ ​Cairn ​India ​နဲ့ ​Jubilant ​Engery ​ကုမ္ပဏီတွေလည်းပါဝင်တယ်လို့ ​သိရပါတယ်။
အဲ့ဒါအပြင် ​အိန္ဒိယနိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​ဘဏ်လုပ်ငန်းစနစ်တွေကိုလည်း ​ကူညီလုပ်ဆောင်ပေးစေချင်သလို ​အိန္ဒိယဘဏ်တွေက ​မြန်မာနိုင်ငံထဲကို ​သူတို့ရဲ့ဘဏ်ခွဲတွေဖွင့်လှစ်ဖို့အတွက် ​စိတ်ဝင်စားနေကြတယ်လို့ ​ဆိုပါတယ်။
အခုဆိုရင် ​United ​Bank ​of ​IndiaBSE ​က ​မြန်မာနိုင်ငံမှာထားရှိမဲ့သူတို့ရဲ့ကိုယ်စားလှယ်ရုံးကို ​စတင်လုပ်ဆောင်နေပြီးတော့ ​မကြာခင်မှာ ​ဖွင့်လှစ်နိုင်ဖို့အတွက်ခွင့်ပြုချက်ရတော့မှာလို့လည်း ​မျှော်လင့်နေကြပါတယ်။ ​ပြီးတော့ ​Bank ​of ​India ​နဲ့ ​State ​Bank ​of ​India ​တို့ကလည်း ​အစိုးရပိုင် ​ပူးတွဲဘဏ်လုပ်ငန်းတခုဖွင့်လှစ်ဖို့ ​စိတ်ဝင်စားနေတယ်လို့လည်းဆိုပါတယ်။
တချိန်ထဲမှာပဲ ​မြန်မာ့အတိုက်အခံခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ကလည်း ​အိန္ဒိယနိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုအထောက်အကူနဲ့ ​အခြေအခံအဆောက်အဦး ​ပြန်လည်မြင့်တင်ဖို့ ​အတွက် ​ထိရောက်မှုရှိတဲ့ထောက်ပံ့မျှဝေမှုတွေကိုလုပ်ဆောင်ဖို့ ​တောင်းဆိုလိုက်ပါတယ်။
ကြာသာပတေးနေ့တုန်းက ​အိန္ဒိယနိုင်ငံက ​ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက ​၀န်ကြီး ​Anand ​Sharma ​နဲ့ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်တို့တွေ့စုံခဲ့ပြီးတော့ ​ပညာရေးကဏ္ဍ၊ ​ဆေးရုံအဆောက်အဦးပြန်လည်မြင့်တင်ရေး၊ ​အထည်အလိပ်လုပ်ငန်း၊ ​လက်ယက်ကန်းနဲ့ ​အခြေခံအဆောက်အဦး ​တွေအတွက် ​ပူးပေါင်းလုပ်ဆောင်ဖို့ ​ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top