Blogger Widgets

Saturday, 22 June 2013

ရဲအရာရှိများ၏ ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ ထက်ပိုပါက အရေးယူမည် ဆိုခြင်းမှာ မဟုတ်ဟုဆို

ရဲအရာရှိများ၏ ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ ထက်ပိုပါက အရေးယူမည် ဆိုခြင်းမှာ မဟုတ်ဟုဆိုကလေးမြို့နှင့် တမူးမြို့တို့ရှိ ဖမ်းဆီး စစ်ဆေး ခံနေရသော ရဲအရာရှိ များကို ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ အထက် ပိုနေပါက အရေးယူ မည်ဟု သတင်းများ ထွက်နေခြင်းမှာ မဟုတ်ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။
“သူတို့ရဲ့ ပြစ်မှုကို ပိုင်ဆိုင်မှု တန်ဖိုး အနည်းအများနဲ့ သတ်မှတ်မှာ မဟုတ်ပါဘူး။ သူတို့ ကျူးလွန်တဲ့ ပြစ်မှု အတိုင်းသာ အရေးယူ ဆောင်ရွက်မှာပါ”ဟု ၎င်းက ပြောသည်။ ရဲအရာရှိ များကို ပိုင်ဆိုင်မှု ကျပ်သိန်း ၁၀၀ သာ သတ်မှတ်ပြီး ၎င်းအထက် ပိုနေသော ငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ပိုင်ဆိုင်မှုသိန်း ၁၀၀ အထက် တွင် မည်ရွေ့မည်မျှ ပိုနေလျှင် အရေးယူရမည်၊ သိမ်းဆည်းရမည် ဆိုသည်ကိုလည်း မသိကြောင်း၊ ၎င်းတို့ ကျူးလွန်သော ပြစ်မှုများ စစ်ဆေး ပေါ်ပေါက်ပါက ပြစ်မှု အတိုင်းသာ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဇွန်လ(၁၅) ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိ လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ဇော်ဝင်း ဦးဆောင်သော အဖွဲ့သည် ကလေးမြို့နယ် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အဂတိ လိုက်စားခြင်း ရှိမရှိ၊ မူးယစ် ဆေးဝါးနှင့် လက်နက်မှောင်ခို အရောင်းအဝယ် များတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိတို့ကို စုံစမ်းစစ်ဆေး နေပြီး လက်ရှိတွင် ကလေးနှင့် တမူးတို့မှ ခရိုင်ရဲ မှူးနှစ်ဦး၊ မြို့နယ် ရဲမှူးနှစ်ဦး၊ ကလေးခရိုင် ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင်၊ ကလေးခရိုင် နယ်ထိန်း ခေါင်းဆောင်နှင့် ကလေးမြို့၊ တာဟန်းရပ်ကွက် ရဲစခန်းမှူးတို့အား စစ်ဆေး မေးမြန်းနေပြီး ခရိုင်နှင့် မြို့နယ်ရဲမှူးများကို တာဝန်မှ ခေတ္တ အနားပေးထားကြောင်း ဒုရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
ဇွန်လ(၁၉)ရက်နေ့ အထိ ကလေးမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ စီးရေ (၂၆) စီးနှင့် မူးယစ်ဆေးဝါး(၂)မှု၊ တမူးမြို့တွင် မူးယစ်ဆေးဝါး(၂)မှု ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ် များထဲမှ ကလေးစက်မှုဇုန်ထုတ် ဂျစ်ကားရှစ်စီးကို လိုင်စင် ပြုလုပ်ရန် ကတိကဝတ်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သိန်းဝင်းကဆိုသည်။
ကလေးမြို့တွင် ဧပြီလ(၂၅)ရက်နေ့က မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းမိခဲ့ပြီး ဇွန်လ ၅ ရက်နေ့ကလည်း ကလေးဝမြို့နယ်တွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီး မောင်းနှင်သော မြန်မာနိုင်ငံ ရဲတံဆိပ်ပါ ကားတစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ အိမ်သုံး ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ ညမြတ်(ကလေး)

No comments :

Post a Comment

Blogger Widgets
Back to Top