Blogger Widgets

Sunday, 30 June 2013

ရခိုင်တွင် ပုဒ်မ ၁၈ အမှုများ စီရင်ချက်ချရန် တလကျော် ကြာဖွယ်ရှိ၊ ပုဒ်မ ပြဋ္ဌာန်းချက်ကို ဝေဖန်

လွန်ခဲ့သည့် မတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် တရားစွဲဆိုခံ ထားရသူ
၂၇ ဦးကို ရုံးတင် စစ်ဆေးလျက်ရှိရာ စီရင်ချက်ချရန် နောက်ထပ် တလကျော် ကြာနိုင်ဘွယ်ရှိကြောင်း အမှုရင်ဆိုင်
နေရသူများနှင့် ၎င်းတို့၏ ရှေ့နေများက သုံးသပ် ပြောဆိုကြသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသူများထဲတွင် မဒေးကျွန်း CNPC ဆန္ဒပြမှုဖြင့် ၁၀ ဦး နှင့် နိုင်ငံသား မစိစစ်ဘဲ ဒုက္ခသည်များအတွက် အိမ်ရာ ဆောက်ပေးခြင်းအား ကန့်ကွက် ဆန္ဒပြမှုဖြင့် ၁၇ ဦးတို့ ပါဝင်သည်။

“လက်ရှိသွားနေတဲ့ တရားစီရင်ရေး အနေအထားအရဆိုရင် လာမယ့် သြဂုတ်လလောက်မှ စီရင်ချက် ချနိုင်မယ်
ထင်တယ်။ ပုဒ်မ ၁၈ အမှုတွေမှာ လိုပြသက်သေအများစုဟာ နိုင်ငံ့ ဝန်ထမ်းတွေ ဖြစ်နေလို့ သူတို့တွေရဲ့ တာဝန်တွေကို ထမ်းဆောင်နေချိန်နဲ့ တိုက်နေရင် ရုံးချိန်းတွေ ပျက်နေတတ်လို့ပါပဲ” ဟု ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်း ဆန္ဒပြမှုဖြင့် အရေးယူခံထားရသူ ၁၀ ဦးအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေကြီး ဦးထိန်လင်း က ဆိုသည်။

၎င်း ၁၀ ဦးကို မဒေးကျွန်းရဲစခန်းက ပုဒ်မ ၁၈ အရ အမှုဖွင့်၍ ကျောက်ဖြူမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားခြင်း ဖြစ်သည်။ ကနဦးစွဲဆိုစဉ်က လိုပြသက်သေ ၁၅ ဦးထိတင်ပြခဲ့သော်လည်း နောက်ပိုင်းတွင် မဒေးကျွန်း သားများနှင့် ကျောက်ဖြူရပ်မိရပ်ဖ လိုပြသက်သေ ၁၀ ဦးကို သက်သေအဖြစ်မှ ဖယ်ရှားပစ် ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

တရားစွဲဆိုခံထားရသူများမှာ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများကို ဖျက်၍ ရုံးချိန်းမှန်မှန် တက်နေခဲ့သော်လည်း လိုပြသက်သေများမှာ အကြောင်းအမျိုးမျိုးဖြင့် မရောက်နိုင်ကြသဖြင့် နှောင့်နှေးရမှုကို အမှုသည်များက စိတ်ပျက်နေသည်ဟုဆိုသည်။

အလားတူ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ တောင်ကုတ်၊ သံတွဲမြို့များရှိ ဒုက္ခသည်များအား နိုင်ငံသား စီစစ်မှုမရှိဘဲ အိမ်ရာ ဆောက်လုပ်ပေးမည့် အစိုးရ၏ အစီအစဉ်အပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ပုဒ်မ ၁၈ အရ တရားစွဲဆို ခံထားရသူ ၁၉ ဦး၏ အမှုများမှာလည်း လာမည့်သြဂုတ်လတွင်မှ စီရင်ချက် ချနိုင်ဘွယ် ရှိကြောင်း ရခိုင်လူမှုကွန်ယက်က ခန့်မှန်းပြောဆိုကြသည်။

“စစ်တွေမှာတော့ ခုထိစွဲချက် မတင်နိုင်သေးဘူး။ ရသေ့တောင်နဲ့ ကျောက်တော်မှာတော့ ရှေ့လ စွဲချက်တင် မယ်လို့ သိရတယ်။ ရခိုင်မှာရှိတဲ့ ကျမတို့လို ပုဒ်မ ၁၈ နဲ့ အစွဲခံထားတဲ့ အမှု အားလုံး သြဂုတ်လလောက်မှ ပြီးပြတ်နိုင်မယ်
ထင်တယ်။ တရားရုံးဖက်ကလည်း ဘာမှ တိတိကျကျ ပြောမထားပေမယ့် အမှုသွားနေတဲ့ နှုန်းထားအရပဲ ခန့်မှန်းလို့ရတယ်” ဟု စစ်တွေလူမှုကွန်ယက်မှ ဒေါ်ညိုအေး က ဆိုသည်။

မတ်လအတွင်းက ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် စစ်တွေမှ နှစ်ဦး၊ ကျောက်တော်မှ လေးဦး၊ တောင်ကုတ်မှ သုံးဦး၊ သံတွဲမှ ခြောက်ဦးနှင့် ရသေ့တောင်မှ နှစ်ဦးတို့အား သက်ဆိုင်ရာမှ တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။

“သံတွဲတရားရုံးကတော့ သူတို့ ခြောက်ဦးကို စွဲချက်တင်ထားပြီး ဖြစ်တယ်။ စွပ်စွဲခံရသူတွေ ဖက်ကထုချေဖို့
လျှောက်ထားတဲ့ အဆင့်ကိုပဲ ရောက်သေးတယ်။ တရားရုံးလုပ်ထုံးအရ သက်သေအားလုံးကို ပြန်စစ်မယ် ဆိုရင်တော့ သြဂုတ်လအထိ ကြာမယ်လို့ ပြောတယ်” ဟု ဆိုသည်။

ပုဒ်မ ၁၈ ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဟု ကျောက်ဖြူမြို့ မှ ရှေ့နေကြီး ဦးထိန်လင်း က ဝေဖန်လိုက်သည်။

“ကျနော် ကိုင်ထားတဲ့ မဒေးကျွန်းအမှုနဲ့ဆက်စပ်လို့ ကုန်ခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးမှာ ဒီအမှုကို ရပ်ဆိုင်းပေးပါ။ ဒီကိစ္စဟာ ဥပဒေပြဿနာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ အရ ဖွဲ့စည်းပုံခုံရုံးရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ တရားရုံးမှာ လျှောက်ခဲ့တယ်။ ဒါကို တရားရုံးက ကန့်ကွက်ခဲ့တယ်” ဟု မဇ္ဈိမကို ပြောသည်။

“ကျနော် အဓိက လျှောက်လဲတာက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာ ပြောဆို၊ စုဝေး၊ စီတန်း
လှည့်လည်နိုင်တယ်လို့ ဆိုထားတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ မှာကျတော့ ခွင့်ပြုချက်မပါဘဲ ဆန္ဒပြရင် ဖမ်းဆီး၊ တရားစွဲဆို၊ အရေးယူမယ်လို့ ဆိုထားပြန်တယ်။ ဒီ ဥပဒေ ပြဋ္ဌာန်းချက်
နှစ်ရပ်ဟာ မရှင်းမလင်း ဖြစ်နေလို့ ခုံရုံးအဆုံးအဖြတ်ကို ခံယူဖို့ လျှောက်ခဲ့တာဖြစ်တယ်တယ်” ဟု ဦးထိန်လင်း က ရှင်းပြသည်။

ရခိုင်အရပ်ဖက် လူ့အဖွဲ့အစည်းများကလည်း အဆိုပါ ပုဒ်မ ၁၈ မှာ ပြည်သူလူထု အကျိုးစီးပွားအား နစ်နာစေပြီး၊
ဒီမိုကရေစီအခွင့်အရေးများကို ထိပါးစေကြောင်း ဝေဖန်ကြသည်။

“ဥပဒေပါ ဒီပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံနဲ့လည်း ဆန့်ကျင်နေတယ်။ နိုင်ငံသား အခွင့်အရေးတွေကို ထိန်းချုပ်ရာ
ရောက်နေသလို ဒီမိုကရေစီ လမ်းကြောင်းနဲ့လည်း ဖီလာဖြစ်နေတယ်။ လွှတ်တော် အနေနဲ့ဒါကို ပြင်ဆင်သင့် ပါတယ်” ဟု တောင်ကုတ်လူမှုကွန်ယက်မှ ဦးစိုးဝင်း က ဆိုသည်။

ထို့အတူ ကျောက်ဖြူ မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည် ကလည်း ပြည်သူလူထု လွတ်လပ်မှုကို ထိန်းချုပ်သည့် ဥပဒေဟု သုံးသပ်ပြောဆိုသည်။

No comments :

Post a Comment

Blogger Widgets
Back to Top