ပြည်တွင်းအခွန်များ ဦးစီးဌာနသည်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွန်လွတ်ကင်းမှု မရှိစေဘဲ နိုင်ငံတော် အတွက်
ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိရေးအတွက်
နယ်စပ်ကုန်သွယ်မှု လုပ်ငန်းတွင် သွင်းကုန်အပေါ်
ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ၂ဝဝ၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ ပြည်ပကုန်သွယ်မှု မြှင့်တင်ရန်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်ခြင်းကို ကုမ္ပဏီများသာမက တစ်ဦးတည်းပိုင် လုပ်ငန်းများကိုလည်း Individual Trading Card စနစ်ဖြင့် ဆောင်ရွက်ခွင့်ပေးနေပြီ ဖြစ်သည့်အပြင် ပို့ကုန်သွင်းကုန် လိုင်စင်ဆိုင်ရာ ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။ တိုးတက်လာသည့် ပြည်ပကုန်သွယ်မှု လုပ်ငန်းများမှ အခွန်လွတ်ကင်းမှု မရှိစေရေး၊ အခွန်ဆိုင်ရာ လိုက်နာ ဆောင်ရွက်မှုကို ပိုမိုကြပ်မတ်ရေး၊ ကျသင့်အခွန်ပမာဏကို တစ်ကြိမ်တည်း ပေးဆောင်ရခြင်းအစား ကုန်စည်တင်ပို့ တင်သွင်းသည့် အကြိမ်တိုင်း အခွန်ကိုအလီလီ ပေးဆောင်ခြင်းဖြင့် အခွန်တာဝန်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ သက်သောင့်သက်သာ ပေးသွင်းနိုင်စေရေးနှင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဝင်ငွေရရှိချိန်တွင် အခွန်ပေးဆောင်စေသည့် အလေ့အကျင့်ကောင်း ရရှိစေရေးတို့အတွက် ရည်ရွယ်၍ နယ်စပ် ကုန်သွယ်မှုစနစ်နှင့် ပုံမှန်ကုန်သွယ်မှု စနစ်များဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း၊ ပြည်တွင်းသို့ သွင်းကုန် တင်သွင်းခြင်းတို့အပေါ် ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ၁၄-၆-၂ဝ၁၃ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ကောက်ခံမည့် ကြိုတင်ဝင်ငွေခွန်ကို
(က) ပို့ကုန်အပိုင်းတွင် ကျပ်ငွေဖြင့် တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့် ပို့ကုန်တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို လည်းကောင်း၊ နိုင်ငံခြားငွေဖြင့် တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့် ပို့ကုန်တန်ဖိုးအား တင်ပို့သည့်နေ့ရှိ နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် တွက်ချက်၍ ရရှိသည့် ပို့ကုန်တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို လည်းကောင်း ကြိုတင်ဝင်ငွေခွန်အဖြစ် ကျပ်ငွေဖြင့် ကောက်ခံခြင်း။
(ခ) သွင်းကုန်အပိုင်းတွင် တင်သွင်းသည့် ကုန်စည်အပေါ် အကောက်ခွန် စည်းကြပ်တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို ကြိုတင်ဝင်ငွေခွန်အဖြစ် ကျပ်ငွေဖြင့် ကောက်ခံခြင်း စသည်ဖြင့် တွက်ချက်ကောက်ခံပါမည်။
ကြိုတင်ဝင်ငွေခွန် ကောက်ခံရမည့် လုပ်ငန်းအမျိုးအစားများမှာ-
(က) နယ်စပ်ကုန်သွယ်မှုစနစ် (Border Trade System) ဖြင့် ဆောင်ရွက်ခြင်း၊
(ခ) နယ်စပ်ကုန်သွယ်မှုစခန်းမှ ပုံမှန်ကုန်သွယ်မှုစနစ် (Normal Trade Through Border System) ဖြင့် ဆောင်ရွက်ခြင်း၊
(ဂ) ပုံမှန်ကုန်သွယ်မှုစနစ် (Normal Trade System) ဖြင့် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ကြိုတင်ခွန်ကောက်ခံခြင်းနှင့် အကျုံးမဝင်သည့် လုပ်ငန်းများမှာ-
(က) ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ (သမဝါယမ ပို့ကုန်သွင်းကုန် လုပ်ငန်းမှ သမဝါယမ အသင်းများအတွက် တင်သွင်း တင်ပို့ပေးခြင်းမပါ)
(ခ) ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသည့် တစ်ဦးချင်း ပုဂ္ဂိုလ်အမည်ဖြင့် မော်တော်ယာဉ် တင်သွင်းခြင်း၊
(ဂ) MIC ခွင်ြ့ပုမိန့်ဖြင့် ကနဦး တည်ဆောက်ဆဲ ကာလအတွင်း တင်သွင်းလာသည့် တည်ဆောက်ရေးပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ၊
(ဃ) ပြည်တွင်း ပြည်ပအဖွဲ့အစည်း များက လှူဒါန်းသဖြင့် တင်သွင်းလာသည့် ပစ္စည်းများ၊
(င) မီးသတ်ယာဉ်များ၊ နာရေးယာဉ်များ၊ လူနာတင်ယာဉ် (ပုဂ္ဂလိကလုပ်ငန်းများ၏ ဆေးရုံလုပ်ငန်းသုံး ယာဉ်မှအပ)
(စ) စီအမ်ပီ လက်ခစားလုပ်ငန်း အတွက် တင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများ၊
(ဆ) Draw Back တင်သွင်းသည့် ပစ္စည်းများ၊
(ဇ) ယာယီတင်သွင်းသည့် (Temporary Importation) ကုန်စည်များ စသည်တို့ ဖြစ်သည်။
ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို
(က) နယ်စပ်ကုန်သွယ်မှုမှ တင်ပို့ခြင်း၊ တင်သွင်းခြင်းဖြစ်ပါက နယ်စပ်ကုန်သွယ်မှုစခန်း OSS အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်တွင်းအခွန်များ ဦးစီးဌာန။
(ခ) ပုံမှန်ကုန်သွယ်မှုစနစ်ဖြင့် တင်သွင်းခြင်း ဖြစ်ပါကအကောက်ခွန်ဦးစီးဌာန။
(ဂ) ရန်ကုန်မြို့ ရေဆိပ်၊ လေဆိပ်တို့မှ တင်ပို့ခြင်းဖြစ်ပါက ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး။
(ဃ) မန္တလေးမြို့ လေဆိပ်မှ တင်ပို့ခြင်းဖြစ်ပါက ပြည်ကြီးတံခွန် မြို့နယ်အခွန် ဦးစီးဌာနမှူးရုံး စသည့်ရုံးများတွင် ဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။
ဖော်ပြပါ ကုန်စည်များတင်ပို့မှု၊ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်သည် ကြိုတင်ဝင်ငွေခွန်သာ ဖြစ်ပါသဖြင့် အပြီးသတ် စည်းကြပ်မှုတွင် ခုနှိမ်ပေးသွားမည်ဖြစ်ပြီး ပြန်အမ်းငွေ ထုတ်ပေးရန် ပေါ်ပေါက်ပါက ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ပါသည်။
ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဝင်ငွေခွန်ဌာနခွဲ၊ ရုံးအမှတ် ၄၆၊ နေပြည်တော်သို့ လူကိုယ်တိုင်သော် လည်းကောင်း၊ တယ်လီဖုန်းအမှတ် ဝ၆၇-၄၃ဝဝဝ၉ သို့လည်းကောင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး၊ အမှတ် ၅၉၊ ၆၁၊ ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ တယ်လီဖုန်းအမှတ် ဝ၁-၃၇၈၃၇၂ သို့ လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment