မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကာရာအိုကေ ဆိုင်များနှင့် ဘီယာဆိုင်
အချို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများကို မကြာခဏ ဖမ်းဆီးရမိနေကြောင်း
မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးရေး တွဲဖက်အတွင်းရေးမှူး
ရဲမှူးဒီရောဟန်က ဇွန် ၂၄ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။
ထို့ပြင် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်အများစုတွင်
သုံးစွဲနေမှုနှင့် ရောင်းဝယ်မှုများ ရှိနေသော်လည်း သိုလှောင်ထားရှိမှုများ
မရှိကြောင်း ရဲမှူးက ဆက်လက်ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ "တစ်တိုင်းလုံး အနေနဲ့ကတော့ မြို့နယ်အစုံမှာ
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးမှုတွေ ရရှိပါတယ်။ ဒါပေမဲ့ အများဆုံး
ဖမ်းဆီးရမိ နေရာတွေကတော့ ကာရာအိုကေဆိုင် အချို့နဲ့ ဘီယာဆိုင် အချို့မှာ
ဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လျော့ကျဖို့အတွက် အခြေခံပညာ
ကျောင်းတွေမှာလည်း ဆိုးကျိုးတွေ ရှိတဲ့ဟာကို ပညာပေးဟောပြောပွဲတွေ
ပြုလုပ်တယ်" ဟု မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးရေး
တွဲဖက်အတွင်းရေးမှူးက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဆေးဝါးများကို အခြားနေရာများသို့
သယ်ယူပို့ဆောင်ရာတွင် မန္တလေးတိုင်း ဒေသကြီး အတွင်းမှ ဖြတ်သန်းသွားလာမှုများ
ရှိနေသည့်အတွက် အဓိကထွက်ပေါက် အချို့၌ စီမံချက်ဖြင့် ဖမ်းဆီးဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တွဲဖက်အတွင်းရေးမှူးက "အဓိက သယ်ယူရောင်းဝယ်
ဖောက်ကားနေတဲ့ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တွေမှာ စီမံချက်
ချမှတ်ပြီးတော့ ဖမ်းဆီးတဲ့ အခါမှာ ယခုနှစ် အတွင်းပိုင်းမှာပဲ အမှု ၁၇ မှုကို
ဖော်ထုတ်အရေးယူ နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ၁၀ မှုဝန်းကျင်လောက်ပဲ
ဖော်ထုတ်နိုင်ခဲ့ပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

No comments :
Post a Comment