Blogger Widgets

Saturday, 1 June 2013

ကချင်စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်းသွားမည်

6.1.1
မေ ၃၁ ရက်က ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့ဝင်များ မိုင်းနားကချင်ဒုက္ခသည်စခန်း (KBC) သို့ သွားရောက်စဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌ ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။
ဦးအောင်မင်းသည် မြစ်ကြီးနား ဆွေးနွေးပွဲအပြီး မေ ၃၁ ရက်တွင် ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စ ခန်းများသို့ သွားရောက်ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ဒုက္ခသည်တွေ မပြန်ခင်မှာ မိုင်းရှင်းတာတွေ လုပ်ရဦးမယ်။ နေအိမ်တွေ ပြန်ဆောက်ရဦးမယ်။ ယာလုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးခင်မှာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရမယ်။ ဒါတွေအားလုံး လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ ကိုယ်တိုင်ပါဝင်မှ လုပ်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးအောင်မင်းက မိုင်းနား (RC) ဒုက္ခသည်စခန်းသို့ ရောက်ရှိချိန်တွင် ပြောကြားသည်။
ဒုက္ခသည်များ နေရပ်ပြန်ချိန်တွင် ရပ်ရွာလုံခြုံရေးအတွက် တပ်မတော်နှင့် KIO တို့က ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
6.1.2
ကချင်ဒုက္ခသည်များအား လာရောက်တွေ့ဆုံသော ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မစ္စတာ ဗီဂျေနမ်ဘီးယား တို့အား မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
''လောလောဆယ်မှာတော့ နမ်ဆန်ယန်နဲ့ကန်တော်ယန်က ရောက်လာတဲ့လူတွေ နေရပ်ပြန်နိုင်ဖို့ ကျိန်းသေသလောက် ဖြစ်နေပါတယ်။ ဒီကအခြေအနေတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတော့ သူက လိုအပ်တယ်ဆိုရင် တပ်က ၀ိုင်းကူပေးမယ်လို့ ပြောပါတယ်'' ဟု ဒုက္ခသည်စခန်းသို့ ဦးအောင်မင်းနှင့်အတူ ရောက်ရှိလာသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားလည်း စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
''အရင်တစ်ခါ လာတုန်းက ခင်ဗျားတို့ရဲ့ မျက်လုံးတွေထဲမှာ စိတ်ပျက်မှုတွေ တွေ့ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာတော့ ၀မ်းမြောက်မှုတွေ တွေ့ခဲ့ရပါတယ်။ ဆွေးနွေးပွဲရလဒ်က မျော်လင့်ချက်တွေ ဖြစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ ခင်ဗျားတို့တွေ နေရပ်ပြန်နိုင်အောင် ကျွန်တော်ရော အစိုးရကပါ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ဗီဂျေနမ်ဘီးယားက ဒုက္ခသည်များကို ပြောကြားသည်။
မေ ၃၁ ရက်က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုက္ခသည်စခန်း သုံးခုသို့ သွားရောက်ခဲ့သည့် နည်းတူ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့လည်း ၀ိုင်းမော်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။ သီးခြားအနေဖြင့် သွားရောက်ခဲ့သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့သည် ဒုက္ခသည်များနှင့် တွေ့ဆုံရာ၌ မြစ်ကြီးနား ဆွေးနွေးပွဲရလဒ်နှင့် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top