Blogger Widgets

Sunday 30 June 2013

ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းလဲရေးအတွက် ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် လျာထား

ဇူလိုင် ၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ် ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း ပြုလုပ်ရန် လျာထားကြောင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပထမနေ့ အစီအစဉ် လျာထားချက်တွင် ဖော်ပြထားမှုအရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ် ပေးပါရန် တင်ပြစာနှင့် ယင်းနှင့်သက်ဆိုင်သော သတင်းထုတ်ပြန်ချက် ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းဟု အဆိုပါ လျာထားချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပါတီအချို့မှ ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး ပါတီအချို့မှ ယင်းစနစ်အား လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် အဆိုပါ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်) ကို ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်းသည်ဟု နိုင်ငံတော် သမ္မတက မှတ်ချက်ပြု ပြောကြားထားသည်ကို သိရကြောင်း လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဇွန် ၂၅ ရက် လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားထားသည်။
ယင်းစနစ်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများ ရှိမည်ဖြစ်သော်လည်း တိုင်းရင်းသားပါတီ အများစုနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အများစုမှာ လက်ခံနိုင်ဖွယ် မရှိသည့်အတွက် ရှုံးနိမ့်နိုင်ကြောင်း ၎င်းကသုံးသပ် ပြောကြားထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးရန်နှင့် ပတ်သက်၍ အစည်းအဝေးတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဆုံးဖြတ်ချက် မချမှတ်ခဲ့ကြောင်း ပြောကြားထားသည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ပီအာရ်စနစ်ကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top