Blogger Widgets

Sunday, 9 June 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ပြည်သူလူထုနှင့် ယနေ့ (ဇွန် ၉ ရက်) တွေ့ဆုံမည်

ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန် ၆ ရက်က တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်ရှိ ပြည်သူလူထုနှင့် ယနေ့ (ဇွန် ၉ ရက်) တွင် တွေ့ဆုံကာ မိန့်ခွန်းပြော သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့ အပါအ၀င် အခြားမြို့နယ် အများစုသို့ ရောက်ခဲ့သော်လည်း ပြင်ဦးလွင်မြို့သို့ မရောက်ရှိခဲ့သောကြောင့် အကြွေးဆပ်သည့် အနေဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ပြောကြားသည်။
"ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်တုန်းက မန္တလေးကနေ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာတို့ကို သွားခဲ့ရတော့ ဒီဘက်ကို လမ်းမသင့်လို့ မရောက်ခဲ့ဘူး။ ဗီဒီယိုကလစ်ပဲ ပေးလိုက်ပြီးတော့ မဲထည့်ကြပါ။ ရွေးကောက်ပွဲ အနိုင်ရရင် လာခဲ့ပါ့မယ် ဆိုပြီးတော့ ပြောထားတာရှိလို့ ကတိအတိုင်း လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်ကို ၂၀၀၂ ခုနှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင် တုန်းကဘဲ တစ်ခါရောက်ဖူးတယ်" ဟု ဦးကျော်သီဟက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီနှင့် ၃ နာရီခန့်တွင် ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာ ဘုရားကြီးကွင်းတွင် ပြင်ဦးလွင် လူထုကို မိန့်ခွန်းပြောကြား သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြား ပေးဖွယ်ရှိကြောင်း သိရသည်။
"ဘယ်သူပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရ မေးစရာတွေ၊ အကြံပြုစရာတွေ ရှိရင် ခေါင်းစဉ်အမျိုးမျိုးနဲ့ မေးနိုင်ပါတယ်။ ကျွန်တော်တို့က သူ့လက်ထဲကို ထည့်ပေးပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေရဲ့ အသံကို အမြဲကြားချင်တယ်လို့ ပြောတယ်" ဟု ဦးကျော်သီဟက ဆက်လက်ပြောကြားသည်။
အဆိုပါ မေးခွန်းများ မေးမြန်းနိုင်ရန် ပြင်ဦးလွင်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တိုင်စာဌာန ပုံစံမျိုး ဖွင့်ထားကြောင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ လယ်ယာမြေ၊ ရေ၊ မီးစသည့် ပြဿနာများကို လက်ခံပေးသွားမည်ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲပိုင်းတွင်မှ ပြင်ဦးလွင်သို့ ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်ပိုင်သည့် ပြင်ဦးလွင်ရှိခြံတွင် တစ်ည အနားယူမည်ဖြစ်ကာ နောက်တစ်နေ့ နံနက်တွင်မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လူထုသို့ မဲဆွယ်စည်းရုံး ခဲ့ရာတွင် ရွေးချယ်ခံ အမတ်သာ ယင်းဒေသတွင် အနိုင်ရရှိ ခဲ့ပါက နောက်တစ်ခေါက် ပြန်လာမည်ဟု ကတိပေးထားမှုများ ရှိခဲ့ပြီး အဆိုပါ ကတိအတိုင်း မကွေး၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ နေပြည်တော်ရှိ မြို့နယ်များ စသည့်မြို့နယ်များသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top