၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ဆန္ဒမဲများကို ရေတွက်နေစဉ်
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် အစိုးရ လက်ထက်တွင် ကျင်းပမည့်
ပထမဆုံး ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိသမ္မတ ဦးသိန်းစိန်၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဦးဆောင်သော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လူမျိုးစု
ပါတီများနှင့် အခြားပါတီများ အကြိတ်အနယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်
ပထမဆုံးအကြိမ် နိုင်ငံရေး စီးချင်းထိုးရမည့် ရွေးကောက်ပွဲလည်း ဖြစ်သဖြင့်
ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်းများ၏ စိတ်ဝင်စားမှုကို အထွတ်အထိပ်သို့
ရောက်စေမည်မှာ ငြင်းမရသော အချက်ဖြစ်သည်။
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊
တရားမျှတမှုတို့ကို အဓိကစီမံ ထိန်းညှိမည့် အဖွဲ့အစည်းသည်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပင် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၃၉၉ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်
လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် ကြီးကြပ်ခြင်း၊
ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့်
ကြီးကြပ်စေခြင်းတို့အတွက် အဓိက တာဝန်ရှိသည်။ ထို့ကြောင့်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်
အဖွဲ့ဝင်များသည် အများပြည်သူ ကြည်ညိုလေးစားသူများ၊ နိုင်ငံရေးကင်းပြီး
ကြားနေသူများ ဖြစ်မည်ဆိုလျှင် လာမည့်ရွေးကောက်ပွဲများ၏ ပုံရိပ်သည်
ပြည်တွင်း၊ ပြည်ပ မျက်နှာစာတွင် ပိုမိုတောက်ပြောင် ဆွဲဆောင်မှု ရှိမည်မှာ
မလွဲဧကန် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၉၈)(က)တွင် နိုင်ငံတော် သမ္မတသည်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရမည်။
ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြည်ထောင်စုဝန်ကြီး
ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် အနည်းဆုံး
ငါးဦးကို ခန့်အပ်တာဝန် ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို
ခန့်အပ်တာဝန်ပေးခြင်းသည် နိုင်ငံတော်သမ္မတ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
လုပ်ပိုင်ခွင့် ဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အသစ်ပြန်လည်
ဖွဲ့စည်းနိုင်ရေးတွင်လည်း သမ္မတ၏ လုပ်ပိုင်ခွင့်သည် အလွန်အရေးပါသည်။
ကော်မရှင်၏ ကောင်းမွေ၊ ဆိုးမွေတို့ကိုလည်း သမ္မတအနေဖြင့် တာဝန်မျှဝေယူရမည့်
သဘော သက်ရောက်နေသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတ အနေဖြင့် လာမည့်အထွေထွေ
ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို
ပြင်ဆင်ဖွဲ့စည်းသင့်၊ မသင့်နှင့် ပြင်ဆင်ဖွဲ့စည်းမည်ဆိုလျှင်
ဖြစ်လာနိုင်ဖွယ်ရှိသည့် အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်သုံးသပ်
သင့်သည်ဟု မှတ်ချက်ပြုလိုပါသည်။
အိမ်တစ်လုံး၏ ခေါင်နှင့်တူသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံတော်သမ္မတ အနေဖြင့် ခေါင်လုံအောင် အများအမြင်တွင် အပြစ်ကင်းစင်အောင် ဖွဲ့စည်းနိုင်မည်ဆိုလျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ တန်ဖိုးမြင့်တက်ခြင်းနှင့်အတူ လက်ရှိအစိုးရ၊ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ၊ အဆိုပါ အပြောင်းအလဲတွင် ပါဝင်နေသူများ . . . . . |
၂၀၁၁ ခုနှစ် မတ် ၃၀ ရက် နေ့စွဲပါ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်
၃/၂၀၁၁ အရ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က) နှင့်
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ ခ၊ ပုဒ်မခွဲငယ် (၃)
တို့နှင့်အညီ ဦးတင်အေးအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ်
ခန့်အပ်တာဝန် ပေးခဲ့သည်။ ထို့အတူ အမိန့်အမှတ် ၁၂/၂၀၁၁ အရ၊ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊
ပုဒ်မခွဲ ခ၊ ပုဒ်မခွဲငယ် (၈) တို့နှင့်အညီ ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊
ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့အား
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်
ပေးခဲ့သည်။ နိုင်ငံတော် သမ္မတရုံး၏ ကြေညာချက်အမှတ် ၅/၂၀၁၁ အရ၊ ဥက္ကဋ္ဌ
ဦးတင်အေး၊ အတွင်းရေးမှူး ဦးဝင်းကိုနှင့် အဖွဲ့ဝင်ခြောက်ဦး ပါဝင်သော
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်
ထိပ်တန်းပါတီခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ မြန်မာ့စီးပွားရေး
ဦးပိုင်လီမိတက် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး
အဖြစ်မှ အငြိမ်းစားယူခဲ့သူ တစ်ဦးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး
တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ
ဖြစ်သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်
သတ္တမနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးသည်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လွှာကို ပြည်ထောင်စုလွှတ်တော်
နာယကထံ တင်သွင်းခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ ဖေဖော်ဝါရီ ၁၇
ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတက ဦးတင်အေးအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ်
အဆိုပြု တင်သွင်းခဲ့သည်။
ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်
ရှိသဖြင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၉၈)၊ ပုဒ်မ ခွဲ(ခ)၊ ပုဒ်မခွဲငယ်
(၈)နှင့်အညီ၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ
နုတ်ထွက်လွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။
မျက်မှောက်ခေတ် သိမ်မွေ့သော နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံတော် သမ္မတ
အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ခံခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း
တစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ်
တာဝန်ပေးအပ်ထားခြင်းကို ပြန်လည်သုံးသပ်သင့်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ
နီးကပ်လာသည့် အချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်ကို
ဦးစီးပဲ့ကိုင်မည့်သူသည် လုံးလုံးလျားလျား ကြားနေသူ၊ ပါတီ အဖွဲ့အစည်းနှင့်
ကင်းရှင်းသူ၊ အထူးသဖြင့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီနှင့် ပတ်သက်မှု မရှိခဲ့သူ ဖြစ်မည်ဆိုလျှင်၊
ပြည်တွင်းပြည်ပမှ လာမည့်ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုအပေါ်
ဆန်းစစ်ရာတွင် လည်းကောင်း၊ အာဏာရပါတီ၏ လွတ်လပ်မှုနှင့် တရားမျှတမှုအပေါ်
သဘောထားကို ဖော်ဆောင်ရာတွင် လည်းကောင်း များစွာအထောက်အကူ ဖြစ်လိမ့်မည်ဟု
ယူဆမိသည်။
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ အချိုးအကွေ့ တစ်ခုကို ဖြတ်ကျော်ရာတွင် အလွန်ပဓာန ကျသည်ဟု မှတ်ချက်ပြုလိုသည် . . . . . |
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏
လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်
ကော်မရှင်အဖွဲ့အစည်း အဆင့်ဆင့်၏ လွတ်လပ်စွာ ဖွဲ့စည်းမှု၊ လွတ်လပ်သြဇာကင်းစွာ
လုပ်ငန်းဆောင်ရွက်မှု အပေါ်တွင်လည်း များစွာတည်မှီနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဖွဲ့စည်းမှုသည် လည်းကောင်း၊ ကော်မရှင်
အဖွဲ့ဝင်များ ရွေးချယ်မှုသည် လည်းကောင်း အထူးအရေးကြီးသည်ဟု သုံးသပ်နိုင်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင် အဖွဲ့ဝင်များ၏
ကိုယ်ရေးအချက်အလက်များကို လွှတ်တော်သို့ အဆိုပြုကတည်းက အများပြည်သူ
လူထုသိရှိအောင် သတင်းမီဒီယာ များမှတစ်ဆင့် ထုတ်ပြန်သင့်သည်။ ထို့နောက်
အများပြည်သူ လူထု၏ သဘောထား မှတ်ချက်ကို သတင်းမီဒီယာများမှတစ်ဆင့်
စောင့်ကြည့်နားထောင်သင့်သည်။ ပြည်ထောင်စု ကော်မရှင် အပါအ၀င် ကော်မရှင်
အဖွဲ့အစည်း အဆင့်ဆင့်တွင် ဦးဆောင်သူများ၊ အဖွဲ့ဝင်များသည် အများကြည်ညို
လေးစားသူ၊ ပါတီနိုင်ငံရေးကင်းသူ၊ ပညာတတ်သူများ ဖြစ်သင့်သည်ဟူသော
သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဆန်းစစ်ရာတွင် ပြည်သူလူထု၏
သဘောထားကို သတင်းမီဒီယာများမှတစ်ဆင့် ရယူခြင်းဖြင့်၊ ဒီမိုကရေစီ
အပြောင်းအလဲတွင် ပြည်သူလူထု၏ တိုက်ရိုက်ပါဝင်နိုင်မည့် အခန်းကဏ္ဍကို
မြှင့်တင်လိုက်ခြင်းလည်း ဖြစ်သည်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့် ကော်မရှင်
အဖွဲ့ဝင်များ၏ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို အများပြည်သူ
သိရှိလေ့လာနိုင်အောင် ထုတ်ပြန်ခဲ့ခြင်း မရှိသည်ကို သတိပြုမိသည့်အလျောက်
အများပြည်သူ သိရှိအောင် ထုတ်ပြန်နိုင်မည်ဆိုလျှင် အလွန်လျော်ကန်
သင့်မြတ်သည်ဟု မှတ်ချက်ပြုလိုသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် အနီးကပ်ဆုံး ပါတီစုံ ဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်
အခြေအနေများနှင့် ပြန်လည်ဆက်စပ် ဆန်းစစ်ကြည့်နိုင်သည်။ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် နိုင်ငံတော်ကောင်စီ၏ အဆိုပြုချက်အရ
ပြည်သူ့လွှတ်တော်က ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ပါတီစုံစနစ်ဖြင့်
အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးရန် ဆုံးဖြတ်ခဲ့သည့်အပြင် တရားမျှတသော
အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ
ကော်မရှင်ကို အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး ဦးဘဌေး၊ အငြိမ်းစား
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ညွန့်၊ အငြိမ်းစား
ချွေတာစုဆောင်းရေးနှင့် အာမခံစာချုပ်များမင်းကြီး ဦးစန်းမောင်၊ အငြိမ်းစား
ဗိုလ်မှူးချုပ် စောကြာဒိုး၊ ပါလီမန် အမတ်ဟောင်းနှင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဆရာချယ်တို့နှင့် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ စက်တင်ဘာ
၁၂ ရက်တွင် ဥက္ကဋ္ဌ ဦးဘဌေး၊ အတွင်းရေးမှူး ဦးအေးမောင်နှင့်
အဖွဲ့ဝင်လေးဦးပါ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး
ကော်မရှင်သည် ကြေညာချက် အမှတ် (၁) ကို ထုတ်ပြန်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ၁၉၉၀
ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကို ကြီးကြပ်ဦးဆောင်ခဲ့သော ကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များကိုကြည့်လျှင် အတွင်းရေးမှူး တာဝန်ယူသော
ညွှန်ကြားရေးမှူးချုပ်မှတစ်ပါး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အငြိမ်းစား
ဝန်ထမ်းအကြီးအကဲများ ဖြစ်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက
ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က
ဆက်လက်တာဝန် ပေးခဲ့သော ၁၉၈၈ ခုနှစ်အလွန် ရွေးကောက်ပွဲ ကော်မရှင်၏ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် အတော်လွတ်လပ်၊ ကြားနေသူများ ဖြစ်ခဲ့သည်ဟု
မှတ်ချက်ပြုနိုင်သည်။
နိုင်ငံတော် သမ္မတနှင့် အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းခြင်းဖြစ်သည့်
အပြင်၊ ၁၉၈၈ ခုနှစ်မတိုင်မီ အစိုးရ၊ ၁၉၈၈ ခုနှစ်အလွန် အစိုးရတို့နှင့်
နှိုင်းယှဉ်လျှင် သိသာမြင်သာစွာ ပြောင်းလဲဖြစ်ပေါ်နေသည့် မျက်မှောက်ခေတ်တွင်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို
ရွေးချယ်တာဝန်ပေးရာတွင် အနည်းဆုံး လွန်ခဲ့သော နှစ်အစိတ်ကထက်
သာလွန်ကောင်းမွန်နေရန် အထူးလိုအပ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏
ဖွဲ့စည်းမှုကို ၁၉၉၀ ပြည့်နှစ် ကော်မရှင် ဖွဲ့စည်းပုံနှင့်
နှိုင်းယှဉ်သုံးသပ်လျှင် ပြုပြင်သင့်သော၊ ပြောင်းလဲသင့်သော အခြေအနေများကို
ကောင်းစွာ သိမြင်နိုင်မည် ဖြစ်သည်။ နိုင်ငံရေးအရ ကြားနေသော၊
အတွေ့အကြုံများသော၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း အကြီးအကဲများကို
ရွေးကောက်ပွဲ ကော်မရှင်တွင် ထည့်သွင်းထားခြင်းကို ကြည့်လျှင် လွန်ခဲ့သော ၂၅
နှစ်ခန့်က စစ်တပ်အုပ်ချုပ်ရေးအောက်၊ တစ်ပါတီ စနစ်အောက်တွင် ဖွဲ့စည်းခဲ့သော
ကော်မရှင်ကပင် ပိုမိုအဓိပ္ပာယ် ရှိနေသည်ဟု မှတ်ချက်ပြုရမလို ဖြစ်နေသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ အချိုးအကွေ့ တစ်ခုကို ဖြတ်ကျော်ရာတွင် အလွန်ပဓာန ကျသည်ဟု မှတ်ချက်ပြုလိုသည်။ ရွေးကောက်ပွဲ လွတ်လပ်မှုနှင့် တရားမျှတမှုကို စနစ်တကျ ပုံဖော်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့အစည်း အဆင့်ဆင့်တို့၏ ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်မှု အပိုင်းတို့တွင် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ ကြားနေမှုတို့အား ကောင်းမောင်းသန်နေရန် အရေးကြီးသည်။ ထိုသို့လွတ်လပ် ပွင့်လင်းမှုများ ဆောင်ကြဉ်းနိုင်ရန် ဦးတည်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းသည့် နိုင်ငံတော် သမ္မတ၏ အခန်းကဏ္ဍသည် အလွန်အမင်း အရေးပါသည်ဟု မှတ်ချက်ပြုနိုင်သည်။

အိမ်တစ်လုံး၏ ခေါင်နှင့်တူသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို
နိုင်ငံတော်သမ္မတ အနေဖြင့် ခေါင်လုံအောင် အများအမြင်တွင် အပြစ်ကင်းစင်အောင်
ဖွဲ့စည်းနိုင်မည်ဆိုလျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏
တန်ဖိုးမြင့်တက်ခြင်းနှင့်အတူ လက်ရှိအစိုးရ၊ မြန်မာ့ ဒီမိုကရေစီ
အပြောင်းအလဲ၊ အဆိုပါ အပြောင်းအလဲတွင် ပါဝင်နေသူများ၊ အပြောင်းအလဲကို
အလုအယက် အပြိုင်ထောက်ခံ အားပေးနေကြသည့် ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ
စောင့်ကြည့်လေ့လာ သူများသာမက မြန်မာပြည်သူလူထု တစ်ရပ်လုံး အတွက်ပါ
ဂုဏ်တက်စရာ၊ တန်ဖိုးတက်စရာ မှတ်ကျောက်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်
ခတ်မလွဲပါကြောင်း အချက်ပေး မောင်းခတ်လိုက်ရပါသည်။

No comments :
Post a Comment