Blogger Widgets

Friday, 7 June 2013

ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းခြင်းကို မဟာရန်ကုန်မြို့ပြ စီမံကိန်းလုပ်ငန်းတွင် ထည့်သွင်းမည်

6.6.6
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ဘားလမ်းရှိ ဧမာနွေလ ဘုရားကျောင်း (ဓာတ်ပုံ - ကျော်ထင်)
ရန်ကုန်မြို့လယ်ရှိ အရေးပါသော ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းခြင်းလုပ်ငန်းကို လက်ရှိရေးဆွဲနေသည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင် ထည့်သွင်းရေးဆွဲမည် ဖြစ်ကြောင်း ဇွန် ၅ ရက်က Chatrium Hotel တွင်ပြုလုပ်သော ''မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုး ရေး မဟာဗျူဟာ စီမံကိန်း'' နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA ၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Koji YAMADA က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် ယဉ်ကျေးမှု အမွေအနှစ်နှင့် သက်ဆိုင်သည့် အဆောက်အအုံ အများအပြားရှိနေပြီး ၎င်းတို့ကို ထိန်းသိမ်းရန် လိုအပ်လာကြောင်း၊ ယင်းအဆောက်အအုံများအနက် အချို့မှာ ဘဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ အချို့ကိုလည်း ဖြစ်ပေါ်လာကြောင်း Mr. Koji YAMADA က ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံများမှာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် အဆောက်အအုံများအဖြစ် ဆွဲဆောင်နေပြီး ယင်းအဆောက်အအုံများမှ တစ်ဆင့် နိုင်ငံခြားသားများကို ဖိတ်ခေါ်ကာ နိုင်ငံခြား ၀င်ငွေများလည်း ရလာနိုင်ကြောင်းနှင့် ရွှေတိဂုံစေတီတော်မှာလည်း မြန်မာလူမျိုးများအတွက် အရမ်းအရေးပါနေကြောင်း ရန်ကုန်မြို့ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ပြောကြားခဲ့သည်။
ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများကို လုံးဝမသုံးစွဲဘဲ ထားမည်ဆိုလျှင်လည်း ပျက်စီးသွားနိုင်ပြီး ရှေးလက်ရာ မပျက်အောင် အမြဲအသုံးပြုရန် လိုအပ်ကြောင်းလည်း Mr. Koji YAMADA က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အမိန့်ကြေညာစာနှင့်တကွ သတ်မှတ်ခဲ့သော ရှေးဟောင်းအဆောက်အအုံ ၁၈၇ လုံးနှင့် ၂၀၀၀ ပြည့်နှစ်တွင် ထပ်မံသတ်မှတ်သော အဆောက်အအုံနှစ်လုံး စုစုပေါင်း ၁၈၉ လုံးရှိပြီး သင်္ဃန်းကျွန်းမြို့နယ် အတွင်းမှ ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် အဆောက်အအုံ တစ်ခုမှာ မူလရှေးဟောင်း ဒီဇိုင်းပုံစံအား ပြင်ဆင်ခြင်း မပြုလျှင် မရတော့သည့် အနေအထားကြောင့် ပြင်ဆင်ခဲ့ရကာ ယင်းအဆောက်အအုံအား ရှေးဟောင်း အဆောက်အအုံ စာရင်းမှ ပယ်ဖျက်ခဲ့ရသောကြောင့် အဆောက်အအုံ ၁၈၉ လုံးသာ ကျန်ရှိတော့ပြီး၊ ကျောက်တံတားနှင့် ဗိုလ်တထောင် မြို့နယ်များတွင် ရှေးဟောင်း အဆောက်အအုံ အများဆုံး တည်ရှိနေသည်။

No comments :

Post a Comment

Blogger Widgets
Back to Top