Blogger Widgets

Sunday 30 June 2013

ရေဆိုးမသန့်စင်သည့် စက်ရုံများ အပိတ်ခံရမည်

မန္တလေး စက်မှုဇုန်အတွင်းရှိ စက်ရုံများသည် ယခုဇွန်လကုန်မှ စတင်၍ စွန့်ပစ်မည့် ရေဆိုးများကို ပြန်လည် သန့်စင်ပြီးမှသာ စွန့်ပစ်ရတော့မည်ဖြစ်ပြီး ထိုစည်းကမ်းကို မလိုက်နာပါက စက်ရုံလည်ပတ်ခွင့် ပိတ်သိမ်းမည် ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော် မတီမှ သတင်းရရှိသည်။

လတ်တလောတွင် စက်ရုံများအားရေ ဆိုးများကို သန့်စင်ပြီးမှ စွန့်ပစ်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးနေပြီ
ဖြစ်ကြောင်းလည်း မန်းစည်ပင်က ဆိုသည်။

အရက်ချက်စက်ရုံတွေက စွန့်ထုတ်နေသော ရေဆိုးများတွင်BOD ဟု ပညာရှင်များ ခေါ်သည့် ရေဆိုး သတ်မှတ်ချက်စံနှုန်း ပမာဏ တစ်သောင်းကျော်ပင်ရှိနေသည်ဟု မန်းစည်ပင်၏ ရေနှင့်သန့်ရှင်းရေးဌာနက အရာရှိ တစ်ဦးက ပြောသည်။ ပုံမှန် BOD ပမာဏ မှာ ငါးရာသာရှိရမည်ဖြစ်သည်ဟုလည်း ထို အရာရှိက ရှင်းပြသည်။

အကယ်၍ ရေဆိုးများကို BOD ပမာဏ ငါးရာအောက်လျော့အောင် မဆောင်ရွက်သည့် စက်ရုံများကို ''လိုင်စင်သက်တမ်းတိုး ပေးတာ၊ နားထားမယ်'' ဟု အဆိုပါ အရာ ရှိက ပြောကြားသည်။

စက္ကူစက်ရုံ၊ ချည်မျှင်/အထည်စက်ရုံ၊ ဆေးဆိုးပန်းရိုက်စက်ရုံတို့သည် ကိုယ်ပိုင် ရေဆိုးသန့်စင်စက်ရုံများပင် တည်ဆောက်ကြရမည်ဟု မန်းစည်ပင်က ထုတ်ပြန်ထားသည်။

ရေနှင့်သန့်ရှင်းမှုဌာနမှအရာရှိက ''အခု အဓိကထားစစ်နေတဲ့ စက်ရုံတွေကတော့ အရက်ချက်စက်ရုံနဲ့ သကြားစက်ရုံတွေကိုပါ။ တချို့စက်ရုံတွေက ကိုယ်ပိုင်စနစ်နဲ့ ရေဆိုးသန့်စင်စွန့်ထုတ်ဖို့ လုပ်နေကြတယ်။ အဲဒီလို ကိုယ်ပိုင်လုပ်မယ်ဆိုရင်လည်းတို့ ဌာနကနေ လိုအပ်တဲ့နည်းပညာတွေ ကူညီ ပံ့ပိုးပေးမယ်'' ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးစက်မှုဇုန်အတွင်း၌ စက်ရုံပေါင်း ၉ဝ ကျော်ရှိပြီး ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ် အတွင်းကတည်းက ရေဆိုးများ ကို သန့်စင်ပြီးမှ စွန့် ထုတ်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း မန်းစည်ပင်က ထုတ်ပြန်ထားသည်။

မန်းစည်ပင်က ရေဆိုးသန့်စင်စက်ရုံများ ဆောက်လုပ်ရန် တင်ဒါများပင်ခေါ်ထားပြီး ကုမ္ပဏီ ၃ဝ ကလာရောက်
လျှောက်ထားသည် ဟုလည်း အဆိုပါဌာနက မှတ်တမ်းများတွင် တွေ့ရသည်။

ရေဆိုးသန့်စင်ခများကိုမူ မညှိနှိုင်းရသေးသဖြင့် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း မန်းစည်ပင်က ဆိုသည်။

No comments :

Post a Comment

Blogger Widgets
Back to Top