Blogger Widgets

Thursday 27 June 2013

ပုဂ္ဂလိကဘဏ် ၂၀ မှ ဘဏ်ခွဲ ၅၁၅ ဘဏ် ဖွင့်လှစ်ပြီးဖြစ်

bank-june27
ငွေလွှဲကောင်တာတွင် ဖွင့်ထားသော ဘဏ်ခွဲများကို တွေ့ရစဉ်
မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ သည် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ ဘဏ်ခွဲ ၅၁၅ ဘဏ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ဖွင့်လှစ်ပြီး ပုဂ္ဂလိကဘဏ် ၂၀ မှာ မြန်မာနိုင်ငံသားများဘဏ်၊ သမ၀ါယမဘဏ်၊ ရတနာပုံဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြ၀တီဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှရန်ကုန်ဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်တို့ ဖြစ်သည်။
အဆိုပါ ဘဏ်များအနက် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၁၀၉ ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲ ၆၀၊ ရိုးမဘဏ်က ဘဏ်ခွဲ ၅၀၊ သမ၀ါယမဘဏ်က ဘဏ်ခွဲ ၄၃ ဘဏ်၊ ဧရာဝတီဘဏ်က ဘဏ်ခွဲ ၃၇ ဘဏ်ဖြင့် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည်။
ပုဂ္ဂလိက ဘဏ်များသည် ဘဏ်ခွဲများကို မြန်မာနိုင်ငံအနှံ့ လွှမ်းခြုံဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း ဘဏ်ခွဲ ၁၀၀ ကျော် ထပ်မံဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ယခင်က ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲများ ဖွင့်လှစ်ရာတွင် ဘဏ်ခွဲတစ်ခုချင်းစီအတွက် မတည်ငွေ ကျပ်သန်း ၇၀၀ ကို ထားရှိရန် လိုအပ်ပြီး အဆောက်အအုံနှင့် မြေပိုင်ဖြစ်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ မူဝါဒ ပြောင်းလဲပေးခဲ့သည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုကြောင့် ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်လှစ်ရာတွင် မြေငှားရမ်းခွင့်၊ အဆောက်အအုံ ငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ငွေကြေးကဏ္ဍ မဟာအစီအစဉ်ကိုလည်း ရေးဆွဲလျက်ရှိပြီး ပုဂ္ဂလိက ဘဏ်များ၏ လုပ်ကိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန်အတွက် ပုဂ္ဂလိက စီးပွားရေးဘဏ်များ တစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top