Blogger Widgets

Sunday, 30 June 2013

၁၄ နှစ်အတွင်း မူးယစ်ဆေးစွဲသူ လူနာ ၁၆၀၀၀ ကျော်ကို မှတ်ပုံတင် ဆေးကုပေး

မြန်မာနိုင်ငံတွင် ၁၄ နှစ်တာ ကာလအတွင်း ဆေးကုသရေး ဌာနမှ မူးယစ်ဆေးစွဲ သူလူနာပေါင်း ၁၆၉၄၃ ဦးကို ဆေးကုသ ပေးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။
ဆေးကုသရေး လုပ်ငန်းအဖွဲ့သည် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးခြင်း၊ ကာကွယ်ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်သော အန္တရာယ်များ လျှော့ချခြင်း (Harm Ruduction1) နှင့် သုတေသန လုပ်ငန်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
မူးယစ်ဆေးစွဲ လူနာများအား လက်ရှိကိန်းဂဏန်းများထက် လျှော့နည်းအောင် ဆောင်ရွက်သွားရန်နှင့် မူးယစ်ဆေးစွဲရောဂါကု ဆေးဝါးနှင့် ဆေးပစ္စည်းများ ဖြည့်တင်းဝယ်ယူရန်၊ ယခင်ရှိသော ဆေးကုဌာနများအား အဆင့်မြှင့် ဆောင်ရွက်ရန်၊ အန္တရာယ်လျော့ချရေး လုပ်ငန်းတစ်ခုဖြစ်သော မက်သာဒုံးဆေးရည် အစားထိုး တိုက်ကျွေးစေရေး လုပ်ငန်းများနှင့် အစရှိသည့် လုပ်ငန်းများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျန်းမာရေး ဦးစီးဌာန မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့် တိုက်ဖျက်ရေး စီမံချက် အနေဖြင့် မက်သာဒုံးဆေးရည် အစားထိုး တိုက်ကျွေးရေး စီမံချက်အား ဆေးကုသဌာနကြီး လေးခုဖြစ်သော ရန်ကုန်၊ မန္တလေး၊ လားရှိုးနှင့် မြစ်ကြီးနားတို့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မက်သာဒုံးတိုက်ကျွေးရေး ဌာနအသစ်အဖြစ် သိန်းနီ၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း မူးယစ်ဆေးစွဲကုသ ဌာနများကို ၂၀၁၂ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မက်သာဒုံး တိုက်ကျွေးရေး ဌာန ၁၈ ခု ဖွင့်လှစ်နိုင်ခဲ့ကာ မူးယစ်ဆေး သုံးစွဲသူများအကြား အန္တရာယ်လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ် နှစ်ကုန်အထိ မက်သာဒုံးဆေးရည် သောက်သုံးသူဦးရေ ၂၉၀၉ ဦး ရှိသဖြင့် သတ်မှတ်လျာထားချက်ထက် ပြည့်မီကျော်လွန်နေကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top