Blogger Widgets

Friday 28 June 2013

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင်ရှစ်မျိုး သတ်မှတ်

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြားကို ဒေသအလိုက် အရောင်ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကျိုင်းတုံ၊ တာချီလိတ် ဒေသတွင် လိမ္မော်ရောင်၊ မူဆယ်ဒေသတွင် ခရမ်းရောင်၊ တောင်ကြီးဒေသတွင် မိုးပြာရောင်၊ ကော့သောင်းဒေသတွင် အပြာရင့်ရောင်၊ ရခိုင်ဒေသတွင် အဝါရောင်၊ ပုဂံဒေသတွင် အနီရောင်၊ မန္တလေးဒေသတွင် အနီရောင်နှင့် ရန်ကုန်ဒေသတွင် အစိမ်းရောင်ဟူ၍ သတ်မှတ်ထားသော ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြားရ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များသည် ယင်းဒေသများတွင် ခရီးသွားဝန်ဆောင်မှု ပြုရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ ခရီးသွားဝန်ဆောင်မှု ပြုလုပ်ရာ၌ အရောင်များအလိုက် သတ်မှတ်ထားသော နယ်မြေဒေသတွင် မှတ်ပုံတင်ကတ်များကို ချိတ်ဆွဲသွားရမည် ဖြစ်ကြောင်း အဆိုပါအသင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။
“လာမယ့် ခရီးသွားရာသီကျရင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြား ရတဲ့သူရော၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ရတဲ့သူရော ခရီးသွားဝန်ဆောင်မှု လုပ်နေချိန် လိုင်စင်ကတ်ပြားကို ဆွဲထားဖို့ လိုတယ်။ လိုင်စင်မရှိဘဲ လုပ်ရင် ထိထိရောက်ရောက် အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်” ဟု ၄င်းက ဆိုသည်။
ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်သက် ၂ နှစ်ရှိပါက ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ကြောင်း ၄င်းထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top