Blogger Widgets

Saturday, 15 June 2013

ဆက်သွယ်ရေးလိုင်စင်ရလျှင် ဒေါ်လာသန်းတစ်ထောင်စတင်ရင်းနှီးမည်ဟု Bharti ကုမ္ပဏီဥက္ကဋ္ဌပြောကြား

အိန္ဒိယနိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်း Bharti Group က မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ပါက အမေရိကန် ဒေါ်လာသန်းတစ်ထောင် စတင်သုံးစွဲသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဘီလီယံနာသူဌေး ဆန်နေးလ်ဘ ဟာတီမစ်တယ်ကပြောသည်။

မြန်မာနိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် လေလံတင်ထားသည့် အခြေအနေနှင့် ပတ်သက်၍ အိနိယနိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် Bharti Group ဥက္ကဋ္ဌ ဘီလီယံနာ သူဌေး Sunil Bharti Mittal ကို ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပနေသည့်အချိန်အတွင်း Time of India က သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာနိုင်ငံ၌ လေလံတင်ထားသည့် ကိစ္စအပေါ် တုံ့ပြန်ချက်ကို Sunil Bharti Mittal က “လိုင်စင်နှစ်ခုအတွက် လျှောက်ထားသူ ၈၂ ဖွဲ့ရှိခဲ့တာ။ အခုတော့  ၁၁ ဖွဲ့ပဲ ကျန်ပါတော့တယ်။ ခေါင်းပန်းလှန်သလိုပဲ။ သတင်းကောင်းကတော့ သူတို့မကြာခင်ဆုံးဖြတ်မှာမို့ လာမယ့်ကိုးလမှာ စရမှာပါ။ တစ်သီးပုဂ္ဂလလေလံကို ခွင့်မပြုတာဆိုလို့ မြန်မာကလွဲရင် ကမ္ဘာမှာ အီသီယိုးပီးယားပဲ ရှိတယ်။အိန္ဒိယနိုင်ငံဘေးက နိုင်ငံကြီးဖြစ်နေတော့လည်း ကျွန်တော်တို့အတွက်တော့ ဒါက အဓိပ္ပာယ်ရှိပါတယ်။ ဥရောပက ၀င်ဆွဲတဲ့သူတွေထက်စာရင် ကျွန်တော်တို့က သဘာဝအရလည်း ကိုက်ညီနေတယ်။ နောက်ပြီး ဘာလုပ်ဖို့လိုတယ်ဆိုတာကိုလည်း ကျွန်တော်တို့က သိနေတယ်လေ။ သူတို့အတွက်ကတော့ ဒါတွေက ခက်ခဲနိုင်ပါတယ်” ဟု ပြောဆိုသွားသည်။လာမည့် သုံးနှစ်အတွင်းတွင် တစ်နိုင်ငံလုံးကို ဖြန့်ကြက်နိုင်မည် ဟု မျှော်လင့်ထားသော်လည်း ထို့ ထက်ပင် မြန်နိုင်သေးကြောင်းလည်း သူကပြောဆိုသည်။

လျှပ်စစ်မီးရရှိမှု နည်းပါးသဖြင့် အခြားနည်းလမ်းများကို သုံးပြီး စွမ်းအင်ရယူမည်ဟု သူက ဆိုသည်။ “အိန္ဒိယလိုမဟုတ်ဘဲ ကျေးလက်ဒေသမှာ လူဦးရေများတော့နေရောင်ခြည်စွမ်းအင် ဒါမှမဟုတ် ဒီဇယ်ဆီကိုသုံးပြီး ဆက်သွယ်ယူရမှာပါ။ လျှပ်စစ်ကနည်းနေတဲ့အတွက်ပါ” ဟု ပြောကြားခဲ့သည်။
ရင်းနှီးမည့်ငွေများ ရရှိနိုင်မှုနှင့်ပတ်သက်၍ ဖြေကြားရာတွင် “ကျွန်တော်တို့မှာ ဘဏ္ဍာငွေတွေများတော့ ပြဿနာမရှိပါဘူး။ ငွေလည်းချေးလို့ရပါတယ်။ ကျွန်တော်တို့မှာ ၄ ဒသမ ၅ ဘီလီယံအကြွေးရှိပြီး ၀င်ငွေကောင်းပါတယ်။ အိန္ဒိယဘက်မှာ အကြွေးသိပ်များများ မရှိပါဘူး။

ကာတာဖောင်ဒေးရှင်းကလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီကလည်း ၀င်ငွေရှိပါတယ်။”
ယင်းပိုင်ဆိုင်သော Bharti Airtel ကုမ္ပဏီသည် လတ်တလော အခြေအနေမကောင်းလှဘဲ သုံးနှစ်ဆက်တိုက် အကျိုးအမြတ် ရရှိမှုနည်းပါးကြောင်း အစီရင်ခံစာများအရ သိရသည်။
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူကို ဇွန်လကုန်ပိုင်းတွင် ကြေညာမည် ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top