အမေ .. ။ အမေလို့ အားရ ပါးရ ခေါ်ချင်လိုက်တာ
အမေရယ် .. ။ ဒါပေမဲ့ သား ဘယ်သူ့ကို ခေါ်ရမလည်း ။ လူမှန်းသိတတ်ကတည်းက မိဘ
နှစ်ယောက်စလုံး မတွေ့ခဲ့ရတဲ့သား… လေ ... ၊ ပရဟိတ ကျောင်းမှာ စေတနာရှင်တွေ
ရဲ့ ကျွေးမွေး လှူဒါန်းမှု အစုစု ကြောင့် လူတစ်လုံး သူတစ်လုံးဖြစ်တဲ့ထိ မပူ
မပင် နေခဲ့ရတယ် အမေ.. ။
တစ်ချို့ တွေက ပြောတယ် .. ။ အမေက သေပီတဲ့
… ။ ငယ်တုံးကတော့ မသိသေးဘူး။ သားကြီးလာတော့ မယုံတော့ဘူး အမေ .. ။
တစ်ချို့တွေ တိုးတိုး တိတ်တိတ် ပြောသံကြားတယ်။ မင်းက အရူးမကြီးရဲ့ သားတဲ့ …
။ကျွန်တော့် အမေ ရှိသေးတယ် တဲ့ … ။ ဘာဖြစ်လို့ သားကို လာမခေါ်တာလည်း အမေ.. ။
ဘယ်လောက်ပဲ ရူးရူး သားကတွေ့ပီး အမေလို့ အားရပါးရ ခေါ်ချင်တယ် အမေရယ် .. ။
အမေရယ် … ။ အသားဟင်း နဲ့ စားရတဲ့နေ့မှာ
မမြင်ဖူးတဲ့ အမေ့ကို သတိရတမ်းတပီး မျက်ရည်ကျမိတယ် အမေ.. ။ အမေရော သားလို
မှ စားရပါ့မလားလို့ ပါ။ လောက အလယ် မှာ အဖေမပေါ်တဲ့ သား လို့သာ
ကြားဖူးပါတယ်။ အမေ မပေါ်တဲ့ သားလို့ တော့ ရှိမှာ မဟုတ်ပါဘူး အမေရယ်။
ဟုတ်တယ်နော် အမေ ။ သားကို ဘာလို့ ပစ်ထားတာလည်းဗျာ.. အိမ်မက်ထဲမှာ
ဝိုးတ၀ါး ပုံရိပ်လေးနဲ့ အမေ့ကို ခဏ ခဏ အိပ်မက်တယ် အမေရယ်။ အမေ မသေဘူး
မို့လားဟင် … ။ သားကို လာခေါ်ပါ အမေရယ်..။
အခုဆို သား စာတွေတတ်လို့ အမေ့ကို
တမ်းတတဲ့ စာတွေတောင် ရေးပီး သိမ်းထားတတ် လာပီ အမေ.. ။ ပထမဆုံး
မျက်နှာဖုံးမှာ အမေ့ပုံကို မှန်းပီး ဆွဲထားတယ် အမေ။ ကံအကြောင်းလှတဲ့ တစ်နေ့
အမေနဲ့ ပြန်ဆုံပါစေလို့ ဘုရားမှာ သား အမြဲ ဆုတောင်းနေပါတယ် အမေရယ်။
*************************
သား … ။ သားလေးရယ် .. အမေ သားကို
တွေ့ချင်လိုက်တာ .. ။ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်ဘူးသား … ။ သား အမေနဲ့
ဘယ်လိုမှ နေလို့ မရဘူး ..။ နေခွင့်လည်း မပေးနိုင်ဘူး သား..။
သူတို့ တွေ အမေ့လက်ထဲက သားကို
လာလုကြတော့ အမေ ငိုလိုက်ရတာ သားရယ်။ တတ်နိုင်သမျှ ပြောဆို ပြန်လုလို့လည်း
မရဘူးသား ။ သူတို့က အမေ့ကို အရူးမတဲ့ .. ။ အမေ မရူးဘူး သား ။သားကို
သားမှန်းသိတယ် ။ ဒါပေမဲ့ အမေလေ သားကို အမေ့လက်ထဲမှာ အရင်တစ်ယောက်လို
မဖြစ်အောင်လို့တော့ လုပ်ဖို့လိုတယ်သားရေ.. ။ ဒီတော့ အမေက သူတို့
ပေးထားခဲ့တဲ့ အရုပ်လေးကို ပဲ သားလို ပွေ့ချီပီး အမေ ရူးချင်ဟန်
ဆက်ဆောင်ခဲ့ရတယ် သား။
သားရယ် ..အမေက မတတ်သာလို့ အဖေကို
အကူအညီတောင်းရအောင် မင်းအဖေ ဘယ်သူမှန်းလည်း အမေ မသိဘူးသား။ ပထမ
သားလေးတုံးက အမေမချစ်လိုက်ရလို့ ခုသားလေးကို အတိုးချ ချစ်မလို့ ရှိတုံး
သူတို့ အတင်း ခေါ်သွားကြတယ်။ နောက် အဝေးကြီးကို ပို့လိုက်ကြတယ်လေ.. ။
သားရယ် .. ။ မချစ်လို့ ပစ်ထားခဲ့တာ
မဟုတ်ပါဘူး .. ။ သူတို့ သားကို အဝေးကြီး ခေါ်သွား ကြပေမဲ့ အမေ မရ အရ
စုံစမ်းပီး လိုက်လာသေးတယ် သား ။ သားကို အဝေးကနေ အမေ လှမ်းမြင်ရတယ်။ သားရဲ့
ဘ၀တူ အစ်ကိုတွက၀ိုင်းထိန်းနေကြ တယ်လေ။
တစ်နှစ် တစ်ခါ နှစ်နှစ်တစ်ခါ
အမေလွမ်းပြေ လာကြည့်တယ်သား။ သားလေး ကျောင်းစိမ်း ၀တ်စုံလေးနဲ့ မြင်ရတော့
အမေ၀မ်းသာလိုက်တာ သားရယ် .. ။ ငါ့သားလေး ငါ့လက်ထဲမှာ ဆို ငါ့လိုပဲ
တောင်းစားနေရမှာလေ .. ။ ဒီလို အဖြစ်မျိုး အမေ အရောက်မခံ နိုင်ဘူးသား .. ။
အမေသူတို့ ပြောသလို ရူးချင်တော့
ရူးမှာပါ .. ။ ဒါပေမဲ့ သားကို တော့ အမေသိပ်ချစ်တယ်။ အမေ ဘယ်လောက်
ခံစားရပါစေ .. သားကိုချစ်တဲ့စိတ်နဲ့ သားဘ၀ ကောင်းစားဖို့ အမေ ဆက်ပီး
ရူးနေလိုက်ဦးမယ် သားရေ … ။
**************************
ကျွန်တော်တို့ မြို့လေးမှာ စိတ်ရောဂါ ဝေဒနာသည် မကြာဥ ဆိုတဲ့သူ တစ်ယောက်ရှိတယ်။
အရူးမကြီး မကြာဥ ဆို ဒီမြို့ က
မသိတဲ့သူ မရှိပါဘူး။ မကြာဥ က တောင်းစားတယ်။ ဘာမှ မဟုတ်တာ မလုပ်ဘူး ။ဒါပေမဲ့
ကောင်းတဲ့ လူတွေတစ်ချို့က မဟုတ်တာ လုပ်တယ်။
မကြာဥ ဒီမြို့ ရောက်ပီး ဘာမှ မကြာဘူး ဗိုက်ကြီး ဖောင်းလာတယ်လေ။
မကြာဥဟာ သူနေတဲ့ တံတားအောက်မှာ
သူ့ဖာသာ ကလေးတစ်ယောက်မွေးတယ် ။ တောင်းစား နေရတဲ့ မိခင်တစ်ယောက်ဖို့ အာဟာရ
မပြည့်စုံ တော့ ခလေးဟာ သူ့ လက်ထဲမှာ နှစ်ရက်ကြာတော့ သေဆုံး သွားခဲ့တယ်။
ခလေးကို သူ့ဖာသာ သုဿာန်မှာ သွားပစ်တော့ သူကိုယ်တိုင် သတ်တယ်လို့
အပြောခံလိုက်ရသေးတယ်။
ဟော .. မကြာပါဘူး .. နောက်တစ်လုံး .. ။
မြို့မိ မြို့ဖ တွေ မနေသာတော့ဘူး ။
မကြာဥ ကလေးမွေးမဲ့ အချိန် စောင့်ကြည့်နေရတယ်။ ခလေးမွေးပီး သုံးရက် အကြာမှာ
သူ့လက်ထဲက ခလေး ကို လုယူပီး ပရ ဟိတ ကျောင်းကို ပို့ရတော့တယ်။
အဲဒီနောက် မကြာဥ ကို ဆေးရုံ ခေါ်ပီး (ဟိုဒင်း) လုပ်ပေးလိုက်တယ်။ အဲဒီနောက် တော့ မကြာဥ ခလေး မမွေးတော့ပါဘူး။
ဆေးရုံမှာ ခုတင်နဲ့ လက်ကို
သံကြိုးခတ်ပီး ချော့မော့ ပြောဆို အလုပ်ပေးတယ်။ မကြာဥ ကမနေဘူး ။ လူ အလစ်မှာ
သံကြိုးခတ်ထားတဲ့ ခုတင်ကို ခေါင်းပေါ် ရွက်ပီး လျှောက်သွားတော့တာပဲ။
နောက်တော့ ဒီအတိုင်းပဲ ပြန်လွှတ်ပေးထား လိုက်ရတော့တယ်။ ။
**********************************
အဲဒါ သူတို့ သားအမိရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေးပါဗျာ.။ နာမည်တော့ ပြောင်းထားပါတယ်။
စာဖတ်သူအပေါင်း ပရဟိတ စိတ်များ ပိုမို ပွားများပြီး လှူဒါန်းနိုင်ကြပါစေ

No comments :
Post a Comment