ဆိုင်ကလုန်း မုန်တိုင်းရဲ့ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ်
အခြေအနေသို့ ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်သို့
ဦးတည် ရွေ့ လျားနေကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ
၁၅ရက် မြန်မာစံတော်ချိန် ည(၇)နာရီက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
MAHASEN ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့ မြောက်ဘက်ကို ဆက်လက် ရွေ့ လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နဲ့ မြန်မာနိုင်ငံ မောင်တောမြို့ အကြားက ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN) ကမ်းခြေကို ဖြတ်ကျော်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် (၆၀)ကနေ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် ရေလှိုင်း အမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နဲ့ ကျောက်ဖြူခရိုင် ကမ်းခြေမှာ (၄)ပေမှ (၆)ပေခန့် မြင့်တက်လာ နိုင်ပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားဖို့ လိုအပ်ကြောင်း သတိပေးထားပါတယ်

No comments :
Post a Comment