Blogger Widgets

Friday 24 May 2013

အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်

နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရန် ရည်ရွယ်၍ အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် နယူးယောက်မြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် တို့တွင် မေလ ၂၀ ရက်နေ့က ရုံးခန်းများ စတင်ဖွင့်လှစ်လိုက်ကြောင်း ယင်း ကောင်စီက ထုတ်ပြန်ကြေညာသည်။

အဆိုပါကောင်စီ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံတို့ အကြား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ ယင်းကောင်စီ၏ လုပ်ငန်း စဉ်များအဖြစ် ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်များ၊ သတင်းထုတ်ပြန်မှု များ၊ အမေရိကန်ကုန်သည်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများကို အသိပေး ထုတ်ပြန်မှုများ စသည်တို့ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုလက်ရှိတွင် အဆိုပါ ကောင်စီ၏ အရေးကြီးဆုံးတာဝန်မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေ သော အမေရိကန်အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေး စေရေးနှင့် အမေရိကန်အစိုးရက ပေးအပ်သော မြန်မာ့ပို့ကုန်များ အတွက် အထူးအခွန်ကင်းလွတ် ခွင့်ကို ရရှိစေရေးအတွက် ကြိုးပမ်း ရမည်ဖြစ်ကြောင်း ယင်းကောင်စီ ဥက္ကဋ္ဌ Mr. Bart S.Fisher က ဆိုသည်။
"ကုန်သွယ်ရေးနဲ့ ဈေးကွက် ပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ပိုပြီးသက်ရောက်စေမှာပါ" ဟု ၄င်းကဆိုသည်။

အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီ ဖွင့်လှစ်ရန် ယခုနှစ် မတ်လက နေပြည်တော်တွင် နှစ်နိုင်ငံ အရာရှိများ ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း၊ ယင်းကောင်စီမှ တစ်ဆင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုများ၊ နိုင်ငံသားများအတွက် သာယာလှပသော ဘဝများ ဖန်တီးပေးနိုင် မည့်အပြင် မြန်မာတည်းဟူသော ရွှေဝါရောင် မြေပြင်သို့ လာရောက်လည်ပတ်ကြရန် အမေရိကန်များနှင့် အခြား နိုင်ငံသားများကို ဖိတ်ခေါ် ပေးနိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း အဆိုပါကောင်စီ ၏ အမှူဆောင်အရာရှိချုပ် Mr. Robert A. Knutson ကမှတ်ချက် ပြုသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆယ်စုနှစ်တစ်ခုကြာ ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စုသည် ပထမဦးဆုံး အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် အမေရိကန်ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ် နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ ဆွေးနွေးကာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ ကြသည်။

ယခု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ယင်း အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ်က ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက မိန့်ခွန်းပြောကြား ခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ကြေညာ ထားသည်

No comments :

Post a Comment

Blogger Widgets
Back to Top