နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံတစ်ဝန်း အခြေခံပြည်သူလူထုများနှင့် ယခုလအတွင်း တွေ့ဆုံရန်အတွက် သမဝါယမဝန်ကြီးဌာနက စီစဉ်ပေးမှုမှာ လိုအပ်ချက်အရ ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိနှင့် သမဝါယမဝန်ကြီးဌာနတို့က ၃-၅-၂၀၁၃ ရက်က အတည်ပြု ပြောကြားသည်။ သမဝါယမဝန်ကြီးဌာန၏ စီစဉ်မှုအရ မေလအတွင်း နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူလူထု တို့၏ တွေ့ဆုံမှုမှာ အစိုးရသစ် လက်ထက်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရကာ ပြည်သူလူထု အနေဖြင့် နိုင်ငံတော်သမ္မတကြီးထံ တိုက်ရိုက်တင်ပြ ပြောဆိုခွင့်လည်း ရှိလာမည်ဟု သိရသည်။ “ဒီလလုပ်မယ့်ဟာကို ရက်ရွှေ့ထားပါတယ်။ သမ္မတနဲ့ ပြည်သူလူထုတွေ့ဖို့ စီစဉ်ထားတာ မှန်ပါတယ်။ တွေ့တော့တွေ့မှာပါ။ ရွှေဆိုင်းထားတဲ့ ကာလကိုတော့ မပြောချင်သေးဘူး” ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိ ဦးကိုကိုကျော်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ ခံစားနေရသည်များကို ရင်ဖွင့်ပြောကြားနိုင်ပြီး နိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းများစွာ မပြောဘဲ နားထောင်သူ အဖြစ်သာ အဓိက နေသွားမည်ဟု သိရသည်။ “သုဝဏ္ဏအားကစားကွင်းမှာ တွေ့ဖို့ စီစဉ်ထားတာပါ။ ရက်ရွှေ့လိုက်ရပါတယ်။ ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး” ဟု သမဝါယမဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြိုးက ပြောကြားသည်။ သမဝါယမဝန်ကြီးဌာနမှ စီစဉ်ပေးမည်ဖြစ်သော အခြေခံလူတန်းစားများ အနေဖြင့် နိုင်ငံတော် သမ္မတကြီးထံသို့ လူထုကိုယ်စားပြု လူထုအသံများကိုသာ ဦးစားပေး ပြောကြားသင့်ကြောင်းနှင့် လိုအပ်သော အချက်အလက်များကို လိုတိုရှင်းတိကျစွာ ပြောကြားပေး သင့်ကြောင်းလည်း ပြောဆိုခြင်းများ ရှိနေသည်

No comments :
Post a Comment