အမေရိကန် အကြံပေးကုမ္ပဏီ McKinsey &
Company က မြန်မာနိုင်ငံ အနာဂတ် စီးပွားရေး အလားအလာများကို အကြံပြုထားသော
“Myanmar’s moment: Unique opportunities major challenges” အစီရင်ခံစာကို
မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟု ယင်းကုမ္ပဏီ၏ မီဒီယာတာဝန်ခံ Vero
Public Relations ထံမှ သိရှိရသည်။
မည်သည့် လုပ်ငန်းများက ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်း ပိုကောင်းနိုင်ကြောင်းကဲ့သို့ သုံးသပ်ချက်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အနာဂတ် အလားအလာများကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Vero Public Relations မှ တာဝန်ရှိသူ ဦးစိုးသူရက ပြောကြားသည်။
အဆိုပါ သုတေသနစာတမ်းကို ယင်းကုမ္ပဏီ၏ သုတေသနဌာန McKinsey Global Institute (MGI) က ပြုစုထားခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံအရေး ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် စီးပွားရေးပညာရှင်များ အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် နှစ်ရာကျော်ကို တွေ့ဆုံ မေးမြန်းထားကြောင်း ၎င်းက ဆိုသည်။
“ကမ္ဘာကျော် စီးပွားရေး နိုဘယ်လ်ဆုရှင်တွေပါတဲ့ အကြံပေးကုမ္ပဏီ ဆိုတော့ သူတို့ တင်ပြမယ့် အစီရင်ခံစာကို စိတ်ဝင်စားတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ ဦးရန်အောင်က ဆိုသည်။
ယခုအစီရင်ခံစာတွင် မြန်မာ့စီးပွားရေးကို အရှိန်မြင့်တက်စေ မည့် အချက်အလက်များကို အသေးစိတ်ဖော်ပြထားပြီး မြန်မာနိုင်ငံကဲ့သို့ အပြောင်းအလဲနှင့် ကြုံတွေ့နေရသော အခြားနိုင်ငံများနှင့်လည်း နှိုင်းယှဉ်ဖော်ပြထားသည်ဟု Vero Public Relations ထံမှ သိရသည်။
အမေရိကန် ပြည်ထောင်စု အခြေစိုက် McKinsey & Company သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဆင့် အကြံပေးကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၅၀ ကျော်တွင် အတိုင်ပင်ခံ ပညာရှင်များ ခန့်အပ်ထားကာ နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်တွင် အဖွဲ့အစည်းနှင့် အစိုးရဌာနများအတွက် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment