အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝီဂန်အသင်း တန်းဆင်းသွားသည်ကို တွေ့မြင်ရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်သည် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်လိုအပ်နေချိန်တွင် အမ်းမရိတ်စ်၌ ဝီဂန်ကို (၄-၁)ဖြင့် အနိုင်ကစားသွားခဲ့သည်။ ထိုပွဲရလဒ်ကြောင့် ဝီဂန်၏ (၈)နှစ်ဆက် ပရီးမီးယားလိဂ် စွန့်စားခန်းမှာလည်း နိဋ္ဌိတံသွားခဲ့ပြီ ဖြစ်သည်။ ယခုရာသီ FAဖလားကို ဆွတ်ခူး ရရှိထားပြီးနောက် တန်းဆင်းသွားသည့် ဝီဂန်၏ အနေအထားအတွက် မိမိ နားလည် ခံစားပေးနိုင်ကြောင်း ပြင်သစ်သား မန်နေဂျာကြီးက ဆိုသည်။ Sky Sportsနှင့် အင်တာဗျူးတွင် ပွဲရလဒ်ကို ကျေနပ်သော်လည်း ပြိုင်ဘက်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဝင်းဂါးက ဖွင့်ဟသွားသည်။
"ကျွန်တော်တို့ နိုင်လို့ ပျော်ပါတယ်။ ကျွန်တော်တို့ ပွဲမှာ အစကောင်းခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ (၁)ဂိုးစီ သရေဖြစ်သွားသေးတယ်။ ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီက ပွဲပြီးခါနီး မိနစ်(၂၀)လောက်မှာ ကာကွယ်ပုံတွေ ကောင်းခဲ့သလို ကျွန်တော်တို့က ပွဲမြန်နှုန်းကို တင်ကစားနိုင်ခဲ့တာ အသာစီး ရခဲ့တဲ့ အချက်ပါ။ ဝီဂန်အတွက်တော့ စိတ်မကောင်းပါဘူး။ သူတို့အနေနဲ့ FAဖလား ဗိုလ်လုပွဲကို ရေကုန်ရေခမ်း ကစားထားရတော့ ပွဲပန်းနေပုံပဲ။ ဒီအချက်ကလည်း ကျွန်တော်တို့အတွက် နိုင်ပွဲကြီး ဖြစ်စေဖို့ အကူအညီ ပေးခဲ့ပါတယ်"ဟု ဝင်းဂါးက ပြောကြားခဲ့သည်။
၎င်းက "ဝီဂန်လိုအသင်း တန်းဆင်းရတယ်ဆိုတာ ကြေကွဲစရာပါ။ သူတို့ဟာ အရည်အသွေး မြင့်မားတဲ့ ဘောလုံး ကစားဟန်မျိုးနဲ့ ကစားပြခဲ့တဲ့ အသင်းပါ။ သူတို့မှာ ထက်မြက်တဲ့ ကစားသမားကောင်းတွေ ရှိနေတဲ့ အသင်းကောင်း ဖြစ်လျှက်နဲ့ ဒီလိုကြုံလာတယ် ဆိုတာက နားလည်ရ ခက်လွန်းပါတယ်။ ဒါပေမဲ့လည်း ဒီအနေအထားက ဘောလုံးပွဲတွေမှာ ပြင်းထန်ကြမ်းတမ်းတဲ့ ဆုံးဖြတ်မှုမျိုးပဲလေ"ဟုလည်း စာနာစကား ပြောဆိုသွားသည်

No comments :
Post a Comment