Blogger Widgets

Saturday, 25 May 2013

မိတ္ထီလာ မီးလောင်ပြင်များတွင် ၃ ထပ် ကွန်ဒိုဆောက်၍ ဒုက္ခသည်များအား ပြန်ရောင်းမည်

မကြာသေးမီက ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မေလ (၁၈)ရက်နေ့က ပြုလုပ်ခဲ့သော ခရိုင်အဆင့် အစည်းအဝေးပွဲတစ်ရပ်အတွင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာတာဝန်ရှိသူတစ်ဦးက မီးလောင်ခံထားရ သည့်နေရာ များတွင် ၃ ထပ် ကွန်ဒိုတိုက်ခန်းများဆောက်လုပ်၍ အရစ်ကျစနစ်ဖြင့် ဒုက္ခသည် မွတ်စလင်မ်များ အား ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာသူများ အား ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

`ဂရန်အမည်ပေါက်သူတွေဟာ ပြန်ပြီး ခွဲရောင်းထားတာပဲဖြစ်ဖြစ်၊ မိသားစုတွေကို အမွေပေးထား တာပဲဖြစ်ဖြစ် အခု အထပ်မြင့်ကွန်ဒိုတိုက်ခန်းတွဲတွေဆောက်တဲ့အခါ အမည်ပေါက်သူတွေကို အခွင့်အရေး တစ်ရပ်အနေနဲ့ ငဲ့ညှာသောအားဖြင့် မြေညီထပ် ပေ(၂၀) x (၄၀) အခန်း တစ်ခန်း ပြန်ပေးမယ်။ တခြားကိစ္စတွေကိုတော့ ကျုပ်တို့က လိုက်ရှင်းပေးမှာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိအောင် ခေါ်ပြောခြင်းဖြစ်တယ်လို့ ပြောတာပါ။´ ဒါကတော့ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပြသွားတာ ဖြစ်ပါတယ်။ ၎င်းက ဆက်လက်၍ အောက်ပါအတိုင်း
ပြောပြပါတယ်။

`ဘယ်သူ ဘယ်နှစ်ဧကပိုင်ပိုင် အခုဆောက်တဲ့ ၃ ထပ် ကွန်ဒိုတိုက်ခန်းမှာ ကိုယ်ရတဲ့အခန်းကို အရစ်ကျ ငွေပြန်သွင်းရမယ်။ ဘယ်လောက်ကျမယ်ဆိုတာကတော့ တွက်ချက်ပြီးမှ ပြောနိုင်မယ်။ သိန်းတစ်ရာတန်သည်ဖြစ်စေ၊ နှစ်ရာတန် သည်ဖြစ်စေ သနားသောအားဖြင့် အရစ်ကျသွင်းနိုင်အောင် လုပ်ပေးဖို့ အစီအစဉ်ဆွဲထားတယ်။ ခင်ဗျားတို့မှာ နိုင်ငံခြားက ထောက်ပံ့တဲ့ငွေတွေ မနည်းဘူးရှိတယ်ဆိုတာ သိပါတယ်။ ခင်ဗျားတို့ အလှူရှင်ရှိရင်တော့ သက်သာမှာပေါ့။ မဟုတ်ဘူးလားလို့ သူက ပြောသွားပါတယ်´

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော မွတ်စလင်မ်များအပေါ် အကြမ်းဖက်မှုများကြောင့် နေအိမ် ပျက်ဆီး ဆုံးရှုံးခဲ့ရသူများအား တန်ဖိုးနည်းအိမ်ယာများဖြင့် အစားထိုးဆောက်လုပ် အလျော်ပေးမည် ဟု နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ပြီးနောက်ပိုင်း ယခုလို သတင်းများ ထပ်မံပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။

မိတ္ထီလာဒေသခံအချို့တို့ရဲ့ ပြောဆိုချက်အရ မိတ္ထီလာမြို့တွင် အကြမ်းဖက်မှုများ ပေါ်ပေါက်မှုမတိုင်မီ ရက်ပိုင်းအလိုက အစိုးရနှင့်နီးစပ်သူတချို့၊ နိုင်ငံခြားသား တရုတ်စီးပွားရေးသမားတချို့နှင့် အစိုးရအရာရှိများ၏ သားသမီးအချို့တို့မှ မိတ္ထီလာမြို့၏ အချက်အခြာကျသည့်နေရာများအား လိုက်လံကြည့်ရှုခြင်းများရှိခဲ့တယ်လို့ သိရသော်လည်း အလင်းမျက်ဝန်းမီဒီယာမှ သည်းခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။

အဆင့်မြင့် အစိုးရ အရာရှိတစ်ဦးမှ ဒုက္ခရောက်နေသည့်မွတ်စလင်မ်များအား သဘောထား ဆန္ဒ မပါရှိဘဲ အတင်းအဓမ္မ ပြုလုပ်ခြင်းအား မည်သို့မှနားလည်၍ မရနိုင်ကြောင်းနှင့် မကြာမီတွင် မိုးရာသီရောက်ရှိ လာတော့မည်ဖြစ်၍ မြန်မာပြည်အရပ်ရပ်ရှိ ဒုက္ခရောက်နေသူများအရေး တွေး၍ စိတ်ပူမိကြောင်း ပြည်ပရောက် မြန်မာမွတ်စလင်မ်တစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top