Blogger Widgets

Thursday, 4 July 2013

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများဥပဒေ အာဏာတည်သည့် နှစ်နှစ်အတွင်း လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဖွဲ့စည်းရမည်ဆိုသည့် အချက်များ အပါအ၀င် ဆက်သွယ်ရေး ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

telecommunication-july4
မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေကြသော ရန်ကုန်မြို့ခံများအား ဇွန်လက တွေ့ရစဉ် (Photo:AFP)
ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများဥပဒေ အာဏာတည်သည့် နှစ်နှစ်တာအတွင်း ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် လွတ်လပ်သောမြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရမည်ဆိုသည့် အချက်များ အပါအ၀င် ဆက်သွယ်ရေး ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဇူလိုင် ၂ ရက်က အတည်ပြုခဲ့သည်။
ထိုကဲ့သို့ လွတ်လပ်သည့် ဆက်သွယ်ရေးကော်မရှင် ဖွဲ့စည်းပြီးပါက ဦးစီးဌာန လုပ်ငန်းများအား လွှဲပြောင်းပေးအပ် ရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သည့် အဆိုပါ ဥပဒေကြမ်းတွင် ဦးစီးဌာနသည် လုပ်ငန်းလိုင်စင် ရရှိသူများ၏ ကွန်ရက်အထောက်အကူ ပစ္စည်းများ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်းတို့တွင် မလိုအပ်ဘဲ ဘဏ္ဍာငွေကြေးကုန်ကျမှု မရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို စီမံခန့်ခွဲပေးနိုင်သည်ဆိုသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ဦးစီးဌာနသည် လုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများအား ၀န်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရန်၊ လုပ်ငန်းလိုင်စင် ရရှိသူသည် အသုံးပြုသူကို အကာအကွယ်ပေးသည့် စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
လုပ်ငန်းလိုင်စင် ရရှိသူသည် မိမိ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းမှတစ်ဆင့် ထုတ်လွှင့်သော (သို့) ဖမ်းယူသော သတင်းအချက်အလက်များ၊ အကြောင်းအရာများနှင့် သုံးစွဲသူ ပြည်သူတစ်ဦးချင်း၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုထားသည့် ကိစ္စမှအပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးဌာနသည် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှုများ တရားမျှတပြီး လွတ်လပ်၍ အခွင့်အလမ်းတူ မျှစေရေးအတွက် မူဝါဒနှင့်အညီ ရွေးချယ်ခြင်း လုပ်ငန်းအရပ်ရပ်ကို ပွင့်လင်းမြင်သာစွာ ကြီးကြပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှုနှင့် ချိတ်ဆက်မှုများအတွက် ဆက်သွယ်ရေး ပင်မ၀င်ပေါက် ထွက်ပေါက်များကို သတ်မှတ်ပေးရမည့်အပြင် ထိုသို့သတ်မှတ် ရာတွင်လည်း လုပ်ငန်းလိုင်စင် ရရှိသူများ စီးပွားဖြစ် ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံတော်၏ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်လျှင် အခြားအဖွဲ့အစည်းများအား လုပ်ကိုင်ခွင့်ပြုနိုင်မည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top