တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ကန့်ကွက်ကြောင်း ကိုထွန်းမြင့်အောင်က ရှင်းလင်းပြောကြားနေစဉ်
လွှတ်တော်တွင် လက်ရှိတင်သွင်းထားသော တောင်သူလယ်သမား အကျိုးစီးပွား
မြှင့်တင်ရေး ဥပဒေကြမ်းသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားထက်
စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကိုသာ ကာကွယ်ထားသော
ဥပဒေမူကြမ်းဖြစ်ကြောင်း ဇူလိုင် ၃ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်
ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဥပဒေမူကြမ်းတွင် လယ်သမားများ၏ အမှန်တကယ် လိုအပ်ချက်များနှင့်
ဆုံးရှုံးနစ်နာမှု အဖြစ်မှန်များကို ထည့်သွင်းရေးဆွဲထားခြင်း မရှိခြင်း၊
တောင်သူလယ်သမား အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် စီးပွားရေး လုပ်ငန်းရှင်များ
ရောထွေးပါဝင်နေခြင်းကြောင့် အကျိုးစီးပွား ပြဿနာများ ယခုထက်
ပိုမိုရှုပ်ထွေးနိုင်ခြင်းတို့ကို ၈၈ မျိုးဆက် အနေဖြင့်
သုံးသပ်တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် ဗဟိုဖွဲ့ ဖွဲ့စည်းမှု ပုံစံပိုင်းတွင် တောင်သူလယ်သမား
ကိုယ်စားလှယ် အစစ်အမှန်များ မပါဝင်ခြင်းနှင့် လယ်ယာမြေ ပိုင်ဆိုင်မှု
ဆိုင်ရာများ၊ လယ်မြေမတရား သိမ်းဆည်းခံရခြင်းကြောင့် ဆုံးရှုံးနစ်နာနေသည့်
ကိစ္စရပ်များမှ အကာအကွယ်ပေးမည့် အချက်များ မပါဝင်ဘဲ ဘဏ်လုပ်ငန်းရှင်များ၊
စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများ၏ အကျိုးစီးပွားနှင့် ဆက်နွှယ်သည့်
ချေးငွေကိစ္စ၊ စက်မှုလယ်ယာကိစ္စ၊ ဈေးနှုန်းနှင့် ဈေးကွက်များကိုသာ
ရည်ရွယ်ရေးဆွဲ ထားသည်ကို တွေ့ရှိရခြင်းကြောင့် ယခုကဲ့သို့
ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။
"တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေဟာ ပိုအရေးကြီးပါတယ်။
အခွင့်အရေးတွေကို အကာအကွယ် မပေးနိုင်ဘဲ အကျိုးစီးပွားကို ဘယ်လိုမှ
တည်ဆောက်လို့ မရပါဘူး။ ဒါကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့
ဥပဒေကို အရင်ပြဋ္ဌာန်းပါ။ အဲ့ဒီနောက်မှ လိုအပ်တဲ့ အခွင့်အရေးတွေ အပြည့်အဝ
ရပြီဆိုမှ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်လိုမြှင့်တင် ပေးမလဲဆိုတဲ့
ကိစ္စကို အားလုံးဝိုင်း ဆွေးနွေးရမှာပါ" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း၊ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ
တာဝန်ခံ ကိုထွန်းမြင့်အောင်က ဆိုသည်။
ဗဟိုဖွဲ့ ဖွဲ့စည်းမှု ပုံစံပိုင်းတွင် တောင်သူလယ်သမား ကိုယ်စားလှယ် အစစ်အမှန်များ မပါဝင်ခြင်းနှင့် လယ်ယာမြေ ပိုင်ဆိုင်မှု ဆိုင်ရာများ၊ လယ်မြေမတရား သိမ်းဆည်းခံရခြင်းကြောင့် ဆုံးရှုံးနစ်နာနေသည့် ကိစ္စရပ်များမှ အကာအကွယ်ပေးမည့် အချက်များ မပါဝင်ဘဲ . . . . . |
မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော
တောင်သူလယ်သမားများသည် လက်ရှိတွင် မြေယာဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး
ဘိုးစဉ်ဘောင်ဆက် ထွန်ယက်စိုက်ပျိုးခဲ့သည့် လယ်ယာမြေများ မတရား
သိမ်းဆည်းခံနေ ရရုံမျှမက မိမိလယ်မြေကို ထွန်ယက်စိုက်ပျိုးသည်ကိုပင်
ပိုင်နက်ကျူးလွန်မှု အပါအ၀င် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို ခံနေရကြောင်း
သိရသည်။
"တရားစွဲဆို ခံရတဲ့ အခါမှာလည်း တောင်သူလယ်သမားတွေဘက်က အမြဲတမ်း
ရှုံးနိမ့်ပါတယ်။ အခုက ဥပဒေကို လိုသလို ဆွဲသုံးသွားသလို လာဘ်ပေးလာဘ်ယူမှုလည်း
ရှိနေတဲ့အတွက် တောင်သူတွေဘက်က ရှုံးတာမျိုး ဖြစ်ကြတယ်။ တကယ်တော့
သိမ်းတယ်ဆိုတာက လန ၃၉ ထုတ်ပေးမှ သိမ်းလို့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ
လန ၃၉ ကို ပေါပေါများများ ရလာတဲ့အတွက် တောင်သူတွေဘက်မှာ အကာအကွယ်
မဲ့နေပါတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ တာဝန်ခံ ကိုမျိုးသန့်က
ဆိုသည်။
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်က ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

No comments :
Post a Comment