Blogger Widgets

Thursday, 4 July 2013

ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစားပြုမှုများ ကြုံတွေ့နေရဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

လာဘ်ပေးလာဘ်ယူမှုကို အစိုးရ ၀န်ကြီးဌာနများတွင် ကြုံတွေ့ရသည့် ပြဿနာဟု ထင်ရသော်လည်း လက်ရှိတွင် ဒုက္ခသည်များအတွက်  နိုင်ငံတကာမှ အကူအညီ ပေးခြင်းများကို အလွဲသုံးစား ပြုမှုများ ကြုံတွေ့လာရပြီ ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
ဇူလိုင် ၁ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
"လာဘ်ပေးလာဘ်ယူ မှုများသည် သာမန်အားဖြင့် အစိုးရ ၀န်ကြီးဌာနများမှ လုပ်ရိုးလုပ်စဉ်အဖြစ် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာဟု ထင်ရသော်လည်း ယခုကဲ့သို့ ခေတ်သစ်ကာလမျိုး၌ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် လက်နက်ကိုင် ပဋိပက္ခ ဒေသနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ခံစားရသည့် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ လှူဒါန်းခြင်းများ၊ အကူအညီ ပေးခြင်းများကို အလွဲသုံးစားပြုခြင်းများ တွေ့ကြုံလာရပြီ ဖြစ်သည်" ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ဇူလိုင် ၂ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လာဘ်ပေးလာဘ်မှုများသည် များသောအားဖြင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် ပိုမိုတွေ့ရပြီး လာဘ်ပေးလာဘ်ယူမှုသည် ဆင်းရဲသည့် ပြည်သူများထံမှ ရယူသည့် လာဘ်စားမှုဟုလည်း ခေါ်ဆိုကြကြောင်း၊ စီးပွားရေး လောကအတွင်း လာဘ်ပေးလာဘ်ယူမှု ပြုခြင်းသည် ရိုးသားသည့် ကုန်သည်များကို မွဲပြာကြစေသည်ဟု ဆိုထားကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
ကော်မတီ အနေဖြင့် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပီပီပြင်ပြင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးအရေးယူမှု တစ်ခုတည်းကို အာရုံစိုက် လုပ်ဆောင်ခြင်း မပြုရန်၊ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်လာရသည့် အကြောင်းအရာများကို စိစစ်ပြီး ဇာစ်မြစ်ကို ဖော်ထုတ်ဖြေရှင်းရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန် ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုများကြောင့် လာဘ်ပေးလာဘ်ယူမှုများအား လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက်မှုများကြောင့် နိုင်ငံပိုမို ဆင်းရဲနေရခြင်း ဖြစ်သည်ဟု ဦးခင်အောင်မြင့်က သုံးသပ်ထားသည်။
ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် အဖွဲ့ဝင်ကိုးဦး ပါဝင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယခုနှစ် ဇန်န၀ါရီ ၉ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်က နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဂတိ လိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းများအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံထက် ဆိုးရွားသည့် နိုင်ငံများမှာ ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top