Blogger Widgets

Thursday, 4 July 2013

ပြည်တွင်းစွမ်းအင် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ မှ ၆၀၀ အထိကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ၀ယ်ယူမည်

buyingenergy-july4
အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ပေးရန်အတွက် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ မှ ၆၀၀ ကို လာမည့် ၁၁ နှစ်ကျော်အထိ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀ယ်ယူမည်ဖြစ်ပြီး ရောင်းချရန် စိတ်ဝင်စားသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ဇူလိုင် ၃ ရက်တွင် အိတ်ဖွင့်အဆိုပြုလွှာ စတင်ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သဘာဝဓာတ်ငွေ့များကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လက်အောက်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များတွင် အသုံးပြုမည်ဖြစ်ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းပိုင် ဓာတ်ငွေ့ပိုက်လိုင်းသို့  အရောက်တန်ဖိုး (D.D.P. Yangon) ဖြင့် ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ၀ယ်ယူမည့် ပမာဏမှာ ၂၀၁၄ ခုနှစ် မတ်လမတိုင်မီအထိ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ မှ ၂၀၀ အထိလည်းကောင်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၅ နှစ်မှ ၁၀ နှစ်အထိ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ မှ ၆၀၀ အထိလည်းကောင်း ၀ယ်ယူသွားမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ တင်သွင်းရမည့် နည်းလမ်းမှာ Liquefied Natural Gas (LNG) အား တင်သွင်း၍ Floating Storage and Regasification Unit (FSRU) အသုံးပြုပြီး သဘာဝဓာတ်ငွေ့အဖြစ် ပေးသွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာနှင့် ဈေးနှုန်းများကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရတနာစီမံကိန်း၊ ရဲတံခွန် စီမံကိန်းတို့မှ ထွက်ရှိသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိသည်။  ထို့အတူ ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ယခုလ ၁ ရက်မှ စတင်ရောင်းချခဲ့ပြီး ဇောတိက စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ထပ်မံရောင်းချမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခုနှစ်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလျက်ရှိပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် စက်များကို တိုးချဲ့လျက် ရှိသည်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လက်အောက်တွင် လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတနှင့်သထုံ၊ မော်လမြိုင်၊ ရွှေတောင်၊ မြန်အောင်စသည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများရှိပြီး အဆိုပါစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း မဂ္ဂါဝပ် ၃၃၀ ကျော်ရှိကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ် ၂၀၀၀ ၀န်းကျင်ရှိပြီး သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ မျှရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်ပို့ ရောင်း ချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် မြန်မာဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယခင်က နိုင်ငံခြားငွေ လိုအပ်ချက်များကြောင့် ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များအား ပြည်ပသို့ ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေးသွားမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့မည် မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည့်စုံ နေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top