မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင်
အာဖဂန်နစ္စတန်နိုင်ငံနောက် ဒုတိယအများဆုံး နိုင်ငံဖြစ်နေသော်လည်း ဘိန်းအပေါ်
မှီခိုအားထားရသည့် မိသားစု စာရင်းတွင်မူ အာဖဂန်နိုင်ငံထက် ပိုများနေကြောင်း
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မြန်မာနိုင်ငံ
တာဝန်ခံ Mr.Jason Eligh က ပြောကြားသည်။
Mr.Jason Eligh သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊
ရှမ်းပြည်တပ်မတော်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် UNODC ရုံးတွင်
ဇွန် ၁၃ ရက် နံနက် ပိုင်းက တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ၌
မီဒီယာများ၏ မေးခွန်းများကို ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့
ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန် နိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု
အများဆုံး နိုင်ငံဖြစ်သော်လည်း မိသားစု အရေအတွက် နှစ်သိန်းနီးပါးသာ
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဆက်နွှယ်နေပြီး မြန်မာနိုင်ငံသည်
ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံ
ဖြစ်နေသော်လည်း ဘိန်းနှင့်ပတ်သက် ဆက်နွှယ်နေသည့် မိသားစု အရေအတွက်မှာမူ
သုံးသိန်းနီးပါးခန့် ရှိနေသည်ဟု Mr.Jason Eligh က ပြောကြားသည်။
''မြန်မာနိုင်ငံဟာ ဘိန်းအများဆုံး ထုတ်တဲ့ အာဖဂန်နိုင်ငံထက်
မူးယစ်ဆေးအပေါ် မှီခိုအားထားတဲ့ မိသားစုတွေက ပိုများနေပါတယ်။
ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ မိသားစုတွေ အားလုံးထဲမှာဆိုရင်
သုံးပုံနှစ်ပုံလောက်ဟာ ထမင်းစားဖို့ ဘိန်းစိုက်နေရပါတယ်'' ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ရာခိုင်နှုန်း ၉၀ သည်
ရှမ်းပြည်နယ်တွင် ရှိနေပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့် မိသားစုများကို
ကူညီထောက်ပံ့ရန် အခြေခံ လိုအပ်ချက်များမှာ အများကြီး ရှိနေသော်လည်း
ကူညီပေးနိုင်မှုမှာမူ အလွန်နည်းပါးနေသောကြောင့် ဘိန်းစိုက်ပျိုးမှု
တိုက်ဖျက်ရေးတွင် အခက်အခဲများ ရှိနေကြောင်းလည်း Mr.Jason Eligh က
ပြောကြားသည်။
ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရေးတွင် စိုက်ပျိုးမြေ
မလုံလောက်မှုမှာလည်း ပြဿနာတစ်ခု ဖြစ်နေကြောင်း၊ ဘိန်းစိုက်ပျိုး
ထုတ်လုပ်သည့် မိသားစုများအား လုံခြုံရေး တစ်ခုတည်း ပေးရုံနှင့် မလုံလောက်ဘဲ
စားဝတ်နေရေး လုံခြုံရေး၊ ပညာရေး လုံခြုံရေးများကိုလည်း ပေးနိုင်ရမည်
ဖြစ်ကြောင်း၊ ယင်းအချက်များကို ဖြည့်ဆည်းပေးရန်မှာ အပစ်အခတ်ရပ်စဲပြီး
ငြိမ်းချမ်းနေမှသာ ဖြစ်နိုင်မည် ဖြစ်ကြောင်းလည်း Mr.Jason Eligh က
ပြောကြားသည်။
UNODC အနေဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း တာချီလိတ်မြို့တွင်
ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ် အပါအ၀င် နိုင်ငံတော်ကဏ္ဍဆိုင်ရာ ပေါင်းစုံနှင့်
ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရရှိလာသော အချက်အလက်များကို အစိုးရထံ
မျှဝေပေးပြီး ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည်လည်း ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများတွင် မူးယစ်ဆေးဝါးပြဿနာ ပါဝင်ပတ်သက်နေသည်ကို
အဖြေရှာရန်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လောလောဆယ်တွင်
ရှမ်းပြည်တောင်ပိုင်းကို အဓိက အာရုံစိုက်ကာ မိသားစုတစ်သိန်းခန့်ကို
ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပေးရန်
ကြိုးစားနေကြောင်း၊ ယင်းအတွက် ဒေသဆိုင်ရာ ပြည်သူ့စစ်များ အပါအ၀င်
လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်းလည်း
Mr.Jason Eligh က ပြောကြားသည်။

No comments :
Post a Comment